၃၁ မတ်လ ၂၀၂၆ | New Day Myanmar
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်တွေဟာ အရိုင်းအစိုင်းတွေလို့ ဘလော့ဂါ V V Chen က သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
ဘလော့ဂါ အဖြစ် လူသိများပြီး စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ရှုံးနိမ့်ခဲ့တဲ့ ဗီဗီချမ်း (ခေါ်) နန်းဆုသဇင်အောင်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်းရံသူပြည်သူတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
ဗီဗီချမ်းက သူ့ရဲ့ V V Chen ဖေ့ဘွတ်ခ်စာမျက်နှာမှာ “မေစုရဲ့ နောက်လိုက်တွေဟာ အရိုင်းအစိုင်းတွေ အများစုဖြစ်ပါတယ်။ ဒါကြောင့် အရိုင်းအစိုင်းတွေ ဝန်းရံတဲ့ ခေါင်းဆောင် မေစု ဖြစ်ပါတယ်။ ဒါဟာ အမှန်တရားဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်မှာ အရိုင်းအစိုင်းကင်းစင်တဲ့ လူမှုဝန်းကျင်ကို ထိန်းကျောင်းတည်ဆောက်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်ရလိုပါတယ်” ဆိုပြီး ရေးသားထားပါတယ်။
ဗီဗီချမ်းဟာ အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံကို လိုက်တုပြီး မဲဆွယ်စည်းရုံးခဲ့တာကြောင့် ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်တာကို ခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ နိုင်ငံရေးလောကထဲကို ပြည်သူ့ပါတီကနေ စတင်ဝင်ရောက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက် ပြောင်းလဲသွားပြီး ရွေးကောက်ပွဲဝင်ခဲ့ရာမှာတော့ အပြတ်အသတ် ရှုံးနိမ့်ခဲ့သူ ဖြစ်ပါတယ်။
ပုံစာ – V V Chen လှိုင်သာယာမြို့နယ်မှာ မဲဆွယ်စည်းရုံးခဲ့စဉ်က
Photo – V V Chen Facebook


