Homeပြည်တွင်းသတင်းကုလအထူးကိုယ်စားလှယ်နဲ့ အာဆီယံဥက္ကဌတို့ မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးမည်

ကုလအထူးကိုယ်စားလှယ်နဲ့ အာဆီယံဥက္ကဌတို့ မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးမည်

၂၀ နိုဝင်ဘာ၊ ၂၀၂၄

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ အာဆီယံမြန်မာ့အရေးအထူးသံတမန်တို့ဟာ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သီးသန့်ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲကို ဦးဆောင်တဲ့ ယူကေဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကောင်စီဝင်တွေရဲ့ ထုတ်ပြန်ချက်၊ ဆွေးနွေးချက်တွေကို ဦးဆောင်မှာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတွေကို စည်းရုံးဖို့အတွက်လည်း တာဝန်ယူထားပါတယ်။ နိုဝင်ဘာ ၂၀ ရက်မှာပြုလုပ်မယ့် သီးသန့်အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Julie Bishop နဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ လာအိုက မြန်မာ့အရေး အထူးသံတမန် Alounkeo Kittikhoun တို့က မြန်မာနိုင်ငံတွင်းပဋိပက္ခတွေနဲ့ပတ်သတ်ပြီး နောက်ဆုံးရထားတဲ့ အချက်အလက်တွေကို ဆွေးနွေးကြ မယ်လို့ ဆိုပါတယ်။

မစ္စ Julie Bishop ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ထုတ်ပြောထားပါတယ်။

ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား နဲ့ ထိုင်းတို့က ခေါင်းဆောင် တွေနဲ့ မြန်မာ့အ‌ရေးတွေ့ဆုံဆွေးနွေးထားပြီး မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားဖို့လည်း မစ္စ Julie Bishop က ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက လာအိုမှာကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်ပြီး ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး အာဆီယံ မြန်မာ့အရေးအထူး သံတမန်ကလည်း သီးသန့်အစည်းအဝေးမှာ တင်ပြမယ်လို့ သိရပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင်နိုင်ငံတွေက မြန်မာ့နိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေမှု၊ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ ရိုဟင်ဂျာအရေးတွေနဲ့ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ရှိပါတယ်။

ပုံစာ – ကုလသမဂ္ဂညီလာခံမှာ မြန်မာ့အရေးအတွက် ကုလအတွင်းရေးမှူးချုပ် ဆွေးနွေးစဉ်
Photo – Screengrab from UN

Related News

Most Read