Homeပြည်တွင်းသတင်း၅လကျော်အတွင်း အိန္ဒိယနိုင်ငံသား တစ်ရာကျော် မြဝတီဒေသ ကျားဖြန့်လုပ်ငန်းတွေက လွတ်မြောက်လာကြောင်းနဲ့ မြဝတီဒေသက အလုပ်တွေကို လက်မခံကြဖို့ သံရုံးထုတ်ပြန်

၅လကျော်အတွင်း အိန္ဒိယနိုင်ငံသား တစ်ရာကျော် မြဝတီဒေသ ကျားဖြန့်လုပ်ငန်းတွေက လွတ်မြောက်လာကြောင်းနဲ့ မြဝတီဒေသက အလုပ်တွေကို လက်မခံကြဖို့ သံရုံးထုတ်ပြန်

၁၅ ဒီဇင်ဘာ၊ ၂၀၂၄

၅ လကျော်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၁ ဦး ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒီဇင်ဘာလ ၁၄ ရက်က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအထိ အိန္ဒိယသံရုံးက တရားဝင်သိတဲ့စာရင်းအရ ဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ မြဝတီဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းက အိန္ဒိယနိုင်ငံသား ခြောက်ဦးပြန်လွတ်လာတယ်လို့ သံရုံးက ဆိုပါတယ်။ အိန္ဒိယနိုင်ငံသားတွေကို မြဝတီဒေသက အလုပ်အကိုင်ကမ်းလှမ်းမှုတွေကို သက်ဆိုင်ရာသံရုံးနဲ့ မတိုင်ပင်ဘဲ အလုပ်လက်မခံကြဖို့ အိန္ဒိယသံရုံးက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေမှာ အိန္ဒိယနိုင်ငံသားတွေအပါအဝင် သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါ၊ မလေးရှား၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံသားတွေလည်းရှိနေပြီး အဓမ္မ အလုပ်စေခိုင်းခံနေရတာ ကြာပြီဖြစ်ပါတယ်။ တချို့ကို မလေးရှား၊ ဒူဘိုင်းစတဲ့ နိုင်ငံခြားတိုင်းပြည်တွေကနေ အိုင်တီနည်းပညာရှင်၊ ဈေးကွက်မန်နေဂျာစတဲ့ ရာထူးပို့စ်တွေနဲ့ ခေါ်ယူအင်တာဗျူးကြပြီးမှ ထိုင်းနိုင်ငံကဆင့် မြန်မာနိုင်ငံထဲကို ပို့ဆောင်ခိုင်းစေကြတယ်လို့လည်း သိရပါတယ်။

“မြဝတီမြို့နယ်တွင်းမရှိဘူးပြောပေမယ့် ရှိနေတုန်းပဲ။ တချို့တွေက လာအိုဘက်ကို ပြောင်းသွားတာလည်း ရှိတယ်။ ထိုင်းဘက်ကိုလည်း တချို့ပြောင်းသွားတယ်။ ဒါပေမဲ့ မြန်မာဘက်မှာ အများကြီး ကျန်သေးတယ်။ စောချစ်သူတို့မြို့သစ်တွေမှာက မီး၊ အင်တာနက် အကုန်ရတယ်။ ကျားဖြန့်ဝင်းတွေက အလုပ်သမားတွေက အပြင်ကို ကတ်မပါဘဲ ပြန်ထွက်လို့ မရဘူး။ လက်နက်တွေနဲ့ စောင့်နေကြတာ။ အပြင်ထွက်ခွင့်ကတ်ရဖို့ကိုလည်း Target ပြည့်အောင် လိမ်ပေးရတာမျိုးတွေရှိတယ်။ ဝင်းထဲမှာပဲ ဆံပင်ညှပ်ဆိုင်၊ ဆေးခန်း၊ ကာရာအိုကေ၊ ကတ်စီနို၊ အနှိပ်ခန်း အစုံရှိတယ်” လို့ လွတ်မြောက်လာသူ တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

တရားမဝင်ရာဇဝတ်ဂိုဏ်းတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို မြဝတီမြို့နယ်အတွင်းက ထွက်သွားဖို့ BGF ခေါင်းဆောင်က အမိန့်ထုတ်ပြန်ထားပေမယ့် ငွေလိမ်ဂိုဏ်းတွေက ရှိနေဆဲလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ပုံစာ – အိန္ဒိယသံရုံးက ထုတ်ပြန်ထားတဲ့ ကျားဖြန့်ဂိုဏ်းတွေက လွတ်မြောက်လာသူ ၆ ဦး

Photo – မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး

ဆက်စပ် သတင်းများ

Most read