Homeပြည်တွင်းသတင်းမြန်မာနွယ်ဖွား ချင်းလူမျိုး ၃၀၀ ဝန်းကျင် မလေးရှားနိုင်ငံ UNHCR ရုံးရှေ့ ဆန္ဒပြ

မြန်မာနွယ်ဖွား ချင်းလူမျိုး ၃၀၀ ဝန်းကျင် မလေးရှားနိုင်ငံ UNHCR ရုံးရှေ့ ဆန္ဒပြ

၂၇ စက်တင်ဘာ၊ ၂၀၂၄

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ UNHCR ရုံးမှာ မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား ၃၀၀ ဝန်းကျင်ဟာ လုံခြုံရေးဝန်ထမ်းတွေ မချေမငံဆက်ဆံတာနဲ့ပတ်သတ်ပြီး စက်တင်ဘာ ၂၆ ရက်က ဆန္ဒပြခဲ့ပါတယ်။

မြန်မာဒုက္ခသည်တွေ မလေးရှားနိုင်ငံ UNHCR ရုံးမှာ ကြုံတွေ့နေရတာကို လျစ်လျူရှုနေတဲ့အတွက် Alliance of Chin Refugees (ACR) က ဦးဆောင်ပြီး အချက် ၇ ချက်ကိုတောင်းဆိုခဲ့တယ်လို့ ACR က ထုတ်ပြန်ကြေညာ ပါတယ်။

စက်တင်ဘာ ၂၆ ရက် မနက် ၁၀နာရီခွဲမှာ လူစုပြီး ၁၁ နာရီ ဆန္ဒပြကာ ၁၁ နာရီ မိနစ် ၂၀မှာ UNHCR ရုံးက တာဝန်ရှိသူတစ်ဦး ထွက်လာပြီး တောင်းဆိုချက်တွေကို လက်ခံတယ်လို့ ACR အဖွဲ့က ထုတ်ပြန်ပါတယ်။

တောင်းဆိုထားတဲ့အချက်တွေမှာ ဒုက္ခသည်တွေကို လုံခြုံရေးအစောင့်တွေက ရိုင်းစိုင်းကြမ်းတမ်း စွာ ဆက် ဆံမှုကို အဆုံးသတ်ဖို့၊ အထင်သေးခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုဖို့၊ ဆေးဘက်ဆိုင်ရာအရေးပေါ် အခြေအနေ ဖြစ်ရင် စစ်ဆေးကူညီပေးဖို့၊ ၂၀၁၈ ချင်းဒုက္ခသည်တွေကို ကဒ်ရပ်ဆိုင်းချင်းမူဝါဒမှာ UN ကဒ်တွေ မတရား သိမ်းဆည်းခြင်းခံခဲ့ရတဲ့ ချင်းတွေကို တိုက်ရိုက်ဝင်ရောက်ခွင့်ပြုဖို့ပါဝင်ပါတယ်။

ဒါ့အပြင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ အရေးပေါ်ဥပဒေအကူအညီလိုအပ်နေသူတွေကို ချက်ချင်းကူညီဖို့၊ လုံခြုံရေးအစောင့်တွေဟာ အမှုတွဲအရာရှိမဟုတ်တဲ့အတွက် ဒုက္ခသည်ကိစ္စတွေကို ကိုင်တွယ်ခြင်းမပြုဖို့၊ ၂၀၁၉/၂၀၂၀ မှတ်ပုံတင်လျှောက်ထားသူတွေကို အမြန်ဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်။

UNHCR ရုံးက ဒီဆန္ဒပြမှုမှာ တောင်းဆိုတဲ့အချက်တွေကို လက်ခံပြီးနောက် လုံခြုံရေးများရဲ့ ကိုယ်ထိ လက် ရောက်ကျူးလွန်ခြင်းကို တိုင်ကြားလို့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

UNHCR ရုံးဝန်ထမ်းတွေအနေနဲ့ အကျင့်ပျက် ခြစားတာ၊ ငွေကြေးလိမ်လည်တာ၊ အမြတ်ထုတ်တာ၊ အနိုင်ကျင့် တာတွေ လုပ်ခဲ့ပါက လုံးဝ ခွင့်လွှတ်မှာမဟုတ်ကြောင်းနဲ့ ချက်ချင်းတိုင်ကြားဖို့ ထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ – မြန်မာနွယ်ဖွား ချင်းလူမျိုး ၃၀၀ ဝန်းကျင် မလေးရှားနိုင်ငံ UNHCR ရုံးရှေ့ ဆန္ဒပြနေမှု

Photo – Alliance of Chin Refugees

ဆက်စပ် သတင်းများ

Most read