Homeပြည်တွင်းသတင်းTNLA ကို တရုတ်ဘက်က ပေးပို့တဲ့ခြိမ်းခြောက်စာအပေါ် NUCC ရှုတ်ချကြောင်း တုံ့ပြန်

TNLA ကို တရုတ်ဘက်က ပေးပို့တဲ့ခြိမ်းခြောက်စာအပေါ် NUCC ရှုတ်ချကြောင်း တုံ့ပြန်

၃၁ ဩဂုတ်၊ ၂၀၂၄

TNLA ကိုလိပ်မူပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီက ခြိမ်းခြောက်သတိပေးစာတစ်စောင်ကို ဩဂုတ်လ ၂၉ ရက်က အိတ်ဖွင့်ပေးပို့ထားတဲ့အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ရှုတ်ချကြောင်း ဒီနေ့ ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာပြည်ဟာ ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများ ရှိနေပေမဲ့ နိုင်ငံတွင်းမှီတင်း နေထိုင်ကြသော လူမျိုးဘာသာစုံ ပြည်သူတွေရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတခု ဖြစ်ကြောင်း နဲ့ နိုင်ငံရဲ့ ဒေသအသီးသီးရှိ လူမျိုးတွေနဲ့ သူတို့ရဲ့ ပြည်နယ်၊ နယ်မြေတွေဟာ သက်ဆိုင်ရာလူမျိုးတွေနဲ့ ဒေသခံပြည်သူတွေရဲ့အချုပ်အခြာ အာဏာပိုင် ပြည်နယ်၊ နယ်မြေပိုင်နက်တွေ ဖြစ်တယ်လို့ NUCC က ဖော်ပြပါတယ်။

မြန်မာနိုင်ငံတနိုင်ငံလုံးနဲ့ နိုင်ငံအတွင်းကလူမျိုးတမျိုး၊ ပြည်နယ် တခု၊ နယ်မြေဒေသတခုကို ဘယ်တိုင်းတပါးနိုင်ငံကမှ နိုင်ငံရေးအရ ဖြစ်စေ၊ စစ်ရေးအရဖြစ်စေ၊ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင် ဟန့်တားခြင်းတွေ ပြုလုပ်ခွင့်မရှိဘူးလို့ NUCC က ဆိုပါတယ်။

မြန်မာတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်လို့ လိပ်မူပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၉) ရက် ရက်စွဲနဲ့ ရွှေလီမြို့အမျိုးသားလုံခြုံရေးကော်မတီက စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော်ငြာချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ သတိပေး ခြိမ်းခြောက်စာတစောင် ပေးပို့ခဲ့ပါတယ်။

စာပါအချက်အလက်တွေအရ ကြောက်ရွံ့ကျိုးနွံနဲ့ ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင် မည်ဆိုတဲ့ ရိုင်းပျစော်ကားတဲ့အသုံးအနှုန်းတွေကို တွေ့ရပါတယ်။

NUCC အနေနဲ့ မိမိတို့ရဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတခု ဖြစ်ပြီး အချုပ်အခြာအာဏာပိုင် လူမျိုးတမျိုးဖြစ်တဲ့ တအာင်းအမျိုးသားတို့ရဲ့ တပ်မတော် နဲ့ မိမိတို့ မြန်မာပြည်သူတွေရဲ့ တော်လှန် ရေးကို ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန်စွာရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

TNLA ဘက်ကို ပေးပို့စာနဲ့ပတ်သတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကို AFP သတင်းဌာနက မေးမြန်းတဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန Mr. Lin Jianက ငြင်းဆိုခြင်းမပြုဘဲ မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲဖို့ အမြဲလုပ်ဆောင်သွားမယ်လို့သာ ဖြေကြားသွားပါတယ်။

Photo – NUCC

ဆက်စပ် သတင်းများ

Most read