ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar
အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ အလုပ်အကိုင်နဲ့ ဝင်ငွေအခြေအနေ ကျပ်တည်းလာတာကြောင့် ရန်ကုန်မြို့တွင်းက ရပ်ကွက်တွေမှာ နေထိုင်ခဲ့ကြတဲ့ အလယ်အလတ်တန်းစားနဲ့ အခြေခံလူတန်းစား မိသားစုတချို့ဟာ ကိုယ့်ပိုင်အိမ်၊ တိုက်ခန်းတွေကို ရောင်းချပြီး ဈေးနှုန်းပိုသက်သာတဲ့ မြို့ပြင်နဲ့ ဆင်ခြေဖုံးရပ်ကွက်တွေဘက် ပြောင်းရွှေ့နေထိုင်လာကြတယ်လို့ ဒေသခံတွေနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
မြို့တွင်းမှာ နေအိမ်ရှိရုံနဲ့ နေထိုင်မှုအဆင်ပြေဖို့ မလုံလောက်တော့ဘဲ စားစရိတ်၊ နေစရိတ်၊ မီးဖိုး၊ ရေဖိုးနဲ့ နေ့စဉ်အသုံးစရိတ်တွေ တိုးလာတဲ့အချိန် ဝင်ငွေက လိုက်မတက်နိုင်တော့တာကြောင့် မိသားစုတချို့ဟာ ကိုယ့်အိမ်ကို ရောင်းချပြီး ရလာတဲ့ငွေထဲက တစ်စိတ်တစ်ပိုင်းနဲ့ မြို့ပြင်မှာ အိမ်အသေးတစ်လုံး ပြန်ဝယ်ကာ ကျန်တဲ့ငွေကို စားဝတ်နေရေး ဒါမှမဟုတ် အသေးစားလုပ်ငန်းတစ်ခု စတင်ဖို့ အသုံးပြုနေကြပါတယ်။
မြို့တွင်းက အိမ်ကို ရောင်းပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းဘက် ပြောင်းရွှေ့နေထိုင်နေတဲ့ အိမ်ထောင်ဦးစီးအမျိုးသားတစ်ဦးကတော့ ကိုယ့်ရပ်ကွက်နဲ့ ကိုယ့်အိမ်ကို မခွဲချင်ပေမယ့် လက်ရှိအခြေအနေကြောင့် ရွေးချယ်စရာနည်းလာတာလို့ New Day Myanmar ကို ပြောပါတယ်။
“ကိုယ့်ရပ်ကွက်နဲ့ ကိုယ့်အိမ်ကို ဘယ်ခွဲချင်ပါ့မလဲ။ အခုက ဘာလုပ်လုပ် အဆင်မပြေဘူး။ ရတဲ့ဝင်ငွေကလည်း ကုန်ဈေးနှုန်းနဲ့ အထွေထွေစရိတ်တွေကို မလိုက်နိုင်တော့လို့ အခုလိုလုပ်လိုက်ရတာပါ။ မြို့တွင်းက အိမ်ကိုရောင်းလို့ ရတဲ့ငွေနဲ့ အရှေ့ဒဂုံမှာ အိမ်လေးတစ်လုံးပြန်ဝယ်ပြီး ပိုတဲ့ငွေကို အရင်းအနှီးပြန်လုပ်ရတာပေါ့။ ကုန်ခြောက်ဆိုင်လေး ဖွင့်ထားပါတယ်။ ဝင်ငွေကတော့ စားလောက်ရုံပါပဲ” လို့ သူက ဆိုပါတယ်။
မြို့တွင်းက အိမ်တစ်လုံးကို ရောင်းချလိုက်ရင် ဆင်ခြေဖုံးမှာ အိမ်တစ်လုံး ပြန်ဝယ်နိုင်တဲ့အပြင် လက်ထဲမှာ ငွေတချို့ ကျန်ရှိနိုင်တာက ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လာကြတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။
အိမ်ပိုင်ရှင်တွေတင်မကဘဲ မြို့တွင်းမှာ အိမ်ငှားနေထိုင်သူတွေလည်း အိမ်လခတွေ မြင့်လာတာကို မတတ်နိုင်တော့တဲ့အတွက် အိမ်လခနဲ့ မြေဈေး ပိုသက်သာတဲ့ မြို့ပြင်အစွန်အဖျားတွေဘက် ပြောင်းရွှေ့နေထိုင်လာကြပါတယ်။
အိမ်ခြံမြေအကျိုးဆောင်တွေကတော့ လက်ရှိမှာ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လှိုင်သာယာနဲ့ ရွှေပြည်သာ စတဲ့ မြို့နယ်တွေဘက် အိမ်ဝယ်ဖို့နဲ့ အိမ်ငှားဖို့ စုံစမ်းသူတွေ ပိုများလာတယ်လို့ ပြောပါတယ်။
မြို့တွင်းမှာ သုံးလကနေ ခြောက်လစာအထိ ပေးရမယ့် အိမ်လခနဲ့ မြို့ပြင်ဘက်မှာ ခြောက်လကနေ တစ်နှစ်နီးပါးအထိ ငှားရမ်းနိုင်တာကြောင့် အိမ်ငှားမိသားစုတွေကလည်း ဆင်ခြေဖုံးရပ်ကွက်တွေကို ပိုရွေးချယ်လာကြတယ်လို့ ဆိုပါတယ်။
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကတော့ “အခုတလော သိန်းရာဂဏန်းကနေ သိန်းထောင်ဂဏန်းဝန်းကျင် တိုက်ခန်းနဲ့ မြေလေးတွေ လာရှာကြတာ ရှိပါတယ်။ အဆင်ပြေလို့ ပိုကောင်းတဲ့နေရာကို ရွှေ့လာတာမျိုး မဟုတ်ဘဲ အိမ်တန်ဖိုးကို လျှော့ပြီး လက်ထဲငွေကျန်အောင် လုပ်လာကြတာပါ။ အိမ်ငှားလာရှာသူတွေလည်း မြို့တွင်းမှာ ခြောက်လစာပေးရတဲ့ငွေနဲ့ ဒီဘက်မှာ တစ်နှစ်စာလောက် နေလို့ရပါတယ်” လို့ ပြောပါတယ်။
ဒါပေမယ့် မြို့ပြင်ကို ပြောင်းရွှေ့လိုက်တာနဲ့ ကုန်ကျစရိတ်အားလုံး လျော့သွားတာတော့ မဟုတ်ပါဘူး။ မြို့တွင်းမှာ အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေတဲ့ ကလေးရှိတဲ့ မိသားစုတွေအတွက် ခရီးသွားချိန် ပိုကြာလာတာနဲ့ သွားလာစရိတ် ပိုတက်လာတာက နောက်ထပ်ဖိအားတစ်ခု ဖြစ်လာပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လက်ရှိအိမ်ကို မရောင်းဘဲ ဆက်လက်နေထိုင်နေသူတစ်ဦးကလည်း မြို့ပြင်ကို ပြောင်းသွားရင် အိမ်ဈေးနဲ့ အိမ်လခ သက်သာနိုင်ပေမယ့် သွားလာရေး၊ လုံခြုံရေး၊ မီးနဲ့ ရေရရှိမှု၊ လမ်းနဲ့ အခြေခံအဆောက်အအုံ အခြေအနေတွေကို ပြန်တွက်ချက်ရတယ်လို့ ပြောပါတယ်။
လက်ရှိမှာ ရန်ကုန်က မိသားစုတချို့အတွက် “မြို့တွင်းမှာနေမှ အဆင်ပြေမယ်” ဆိုတဲ့ အယူအဆထက် လက်ထဲငွေကျန်ရှိဖို့၊ နေ့စဉ်စားဝတ်နေရေးကို ဆက်ထိန်းနိုင်ဖို့နဲ့ အကြွေးမတင်ဘဲ ရပ်တည်နိုင်ဖို့ ကို ပိုဦးစားပေးလာကြတာ တွေ့ရပါတယ်။
ကိုယ့်အိမ်နဲ့ ကိုယ့်ရပ်ကွက်ကို စွန့်ခွာရတာ မလွယ်ကူပေမယ့် ဝင်ငွေနဲ့ မမျှတဲ့ လူနေမှုကုန်ကျစရိတ်အောက်မှာတော့ ရန်ကုန်မြို့တွင်းကနေ ဆင်ခြေဖုံးဘက် ပြောင်းရွှေ့နေထိုင်တာဟာ အချို့မိသားစုတွေအတွက် ပိုကောင်းတဲ့ဘဝကို ရွေးချယ်တာမဟုတ်ဘဲ လက်ရှိဘဝကို ဆက်လက်ရပ်တည်နိုင်ဖို့ ရွေးချယ်ရတဲ့ နည်းလမ်းတစ်ခု ဖြစ်လာနေပါတယ်။

