Homeပြည်တွင်းသတင်းဖူးခက်မှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေးအာမခံစနစ်ထဲ အပြည့်အဝထည့်သွင်းဖို့ စီစဉ်၊ ဆေးရုံတွေက ပြန်မတောင်းနိုင်တဲ့ ဆေးကုသစရိတ်ကြွေး ဘတ် ၅၁ သန်းကျော်ရှိနေ

ဖူးခက်မှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေးအာမခံစနစ်ထဲ အပြည့်အဝထည့်သွင်းဖို့ စီစဉ်၊ ဆေးရုံတွေက ပြန်မတောင်းနိုင်တဲ့ ဆေးကုသစရိတ်ကြွေး ဘတ် ၅၁ သန်းကျော်ရှိနေ

ဩဂုတ် ၂၀၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်မှာ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ကျန်းမာရေးအာမခံ ဒါမှမဟုတ် လူမှုဖူလုံရေးစနစ်ထဲ အပြည့်အဝဝင်ရောက်စေဖို့ ဒေသအာဏာပိုင်တွေက စီစဉ်နေပြီး ၂၀၁၉ ကနေ ၂၀၂၆ ခုနှစ်အတွင်း အစိုးရဆေးရုံတွေက ပြန်လည်မကောက်ခံနိုင်သေးတဲ့ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းအလုပ်သမား ဆေးကုသစရိတ် ဘတ် ၅၁ ဒသမ ၈၃ သန်းအထိ ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖူးခက်ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ရမ်ဒွန်း ဟာယီအာဝဲ က ဩဂုတ် ၁၉ ရက်မှာ နိုင်ငံခြားသားအလုပ်သမားတွေကို ကျန်းမာရေးအာမခံနဲ့ လူမှုဖူလုံရေးစနစ်ထဲ ထည့်သွင်းရေးဆိုင်ရာ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီး နိုင်ငံခြားသားအလုပ်သမားအားလုံးမှာ ဆေးကုသစရိတ်ကို ကာမိနိုင်တဲ့ အာမခံစနစ်တစ်ခု ရှိစေဖို့ ဆွေးနွေးခဲ့ပါတယ်။

၂၀၁၉ ကနေ ၂၀၂၆ ခုနှစ်အတွင်း ဆေးကုသစရိတ် ဘတ် ၅၁ ဒသမ ၈၃ သန်း ပြန်လည်ကောက်ခံဖို့ အကြွေးကျန်နေပြီး အဲ့ဒီအထဲမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ၄ နိုင်ငံက အလုပ်သမားအတွက် ကူညီကုသပေးခဲ့ရတဲ့ စရိတ် ဘတ် ၂၆ ဒသမ ၃၃ သန်း နဲ့ တခြားနိုင်ငံခြားသားလူနာတွေအတွက် ဘတ် ၂၅ ဒသမ ၅ သန်း ပါဝင်တယ်လို့ ဖူးခက်အာဏာပိုင်တွေက ဆိုပါတယ်။

အဓိကပြဿနာက နိုင်ငံခြားသားအလုပ်သမားနဲ့ သူတို့ရဲ့ မိသားစုဝင်တချို့ဟာ ကျန်းမာရေးအာမခံ ဒါမှမဟုတ် လူမှုဖူလုံရေးစနစ်ထဲ အပြည့်အဝ မဝင်ရောက်ထားတာ လို့ဆိုပါတယ်။

အလုပ်လုပ်ခွင့်လျှောက်ထားထားတဲ့ အလုပ်သမားအရေအတွက်နဲ့ လူမှုဖူလုံရေးစနစ်ထဲ မှတ်ပုံတင်ထားသူအရေအတွက်လည်း မကိုက်ညီတာကြောင့် အာမခံမရှိသူတွေ ဆေးရုံတက်လာချိန်မှာ အစိုးရဆေးရုံတွေက ကုသစရိတ်ကို ပြန်မကောက်ခံနိုင်ဖြစ်နေပါတယ်။

ဖူးခက်အာဏာပိုင်တွေက အခုနောက်ပိုင်း နိုင်ငံခြားသားအလုပ်သမားတွေရဲ့ လုပ်ကိုင်ခွင့်၊ ကျန်းမာရေးအာမခံနဲ့ လူမှုဖူလုံရေးအခွင့်အရေးတွေကို တစ်ပြိုင်တည်းစစ်ဆေးပြီး စနစ်တကျ မှတ်ပုံတင်စေဖို့ စီစဉ်နေပါတယ်။ ရည်ရွယ်ချက်က အလုပ်သမားတွေ ဆေးကုသခွင့် အာမခံရရှိစေဖို့နဲ့ အစိုးရဆေးရုံတွေအပေါ် ရေရှည်ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး လျှော့ချဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖူးခက်လူမှုဖူလုံရေးရုံးအချက်အလက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသား ၁၁၃,၂၇၀ ဦး ဟာ လက်ရှိ လူမှုဖူလုံရေးစနစ်မှာ မှတ်ပုံတင်ထားပါတယ်။ အများစုဟာ ဆောက်လုပ်ရေး၊ အစားအသောက်လုပ်ငန်း၊ ဝန်ဆောင်မှု၊ လက်လီလက်ကား၊ လမ်းဘေးဈေးဆိုင်နဲ့ အိမ်အကူအလုပ်တွေမှာ လုပ်ကိုင်နေကြပါတယ်။

ဥပဒေအရ လူမှုဖူလုံရေးစနစ် အကျုံးဝင်တဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အလုပ်ခန့်ပြီး ရက် ၃၀ အတွင်း ပုဒ်မ ၃၃ လူမှုဖူလုံရေးစနစ်မှာ မှတ်ပုံတင်ပေးရမှာ ဖြစ်ပါတယ်။

ဖူးခက်ခရိုင်ဘက်က အလုပ်အကိုင်ရုံး၊ လူမှုဖူလုံရေးရုံး၊ ပြည်သူ့ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးအဖွဲ့၊ အလုပ်ရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းပြီး စနစ်ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် ဖူးခက်က မြို့နယ် ၃ ခုမှာ သီးခြားလုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး နိုင်ငံခြားသားအလုပ်သမားတွေ စနစ်ထဲ ဝင်ရောက်ထားမှုကို စောင့်ကြည့်ဖို့လည်း စဉ်းစားနေပါတယ်။

ဒီအစီအစဉ်ဟာ မကြာသေးခင်က ဖူးခက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဘက်က နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ကလေးမွေးဖွားမှုနဲ့ ဆေးကုသစရိတ်ကြောင့် အစိုးရဆေးရုံတွေ ဝန်ပိနေတယ်လို့ ပြောဆိုပြီး ကျန်းမာရေးအာမခံစနစ် ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့တဲ့နောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုဖူးခက်ခရိုင်ဘက်က ဆောင်ရွက်ဖို့ ပြင်ဆင်နေတဲ့ အစီအစဉ်မှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျန်းမာရေးဝန်ဆောင်မှုကနေ ဖယ်ထုတ်ဖို့ မဟုတ်ဘဲ အာမခံနဲ့ လူမှုဖူလုံရေးစနစ်ထဲ တရားဝင်ဝင်ရောက်စေပြီး ကုသစရိတ်ကို စနစ်တကျ ကာမိစေဖို့ အဓိကထားထားပါတယ်။

Related News

Most Read