၂ ဩဂုတ် ၂၀၂၆ | New Day Myanmar
ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတွင်း သဘာဝဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံကနေ ပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့တင်သွင်းလိုကြောင်း အဆိုပြုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နဲ့ သတ္တုအရင်းအမြစ်ဝန်ကြီး အစ်ကဘယ်လ် ဟာဆန် မာမွတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စိုးမိုးတို့ ဩဂုတ် ၂ ရက်က ဒါကာမြို့ရှိ အစိုးရအတွင်းဝန်ရုံးမှာ တွေ့ဆုံစဉ် ဆွေးနွေးခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်မှာ သဘာဝဓာတ်ငွေ့လိုအပ်ချက်မြင့်မားနေတာကြောင့် မြန်မာနိုင်ငံကနေ ပိုက်လိုင်းနဲ့ တင်သွင်းလိုကြောင်း ဘင်္ဂလားဒေ့ရှ်စွမ်းအင်ဝန်ကြီးက ပြောခဲ့ပါတယ်။ မြန်မာသံအမတ်ကလည်း အဆိုပြုချက်ကို အပြုသဘောတုံ့ပြန်ခဲ့ပြီး သဘာဝဓာတ်ငွေ့ရည် LNG ပုံစံနဲ့ တင်ပို့နိုင်ခြေကိုပါ တင်ပြခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံကနေ စစ်တကောင်းမြို့အထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မယ့် အဆိုပြုချက်ဟောင်းကိုလည်း ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ အဲဒီအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာက ၂၀၀၃ ခုနှစ်မှာ အဆိုပြုခဲ့ပြီး အခုအခါ ပြန်လည်စဉ်းစားနိုင်ကြောင်း စွမ်းအင်ဝန်ကြီးက ပြောပါတယ်။
စီမံကိန်းကို ရှေ့ဆက်နိုင်ဖို့ နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးဖို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အဆိုပြုခဲ့ပါတယ်။ မြန်မာနိုင်ငံက စွမ်းအင်ဝန်ကြီးကို ဘင်္ဂလားဒေ့ရှ်လာရောက်ဖို့ ဖိတ်ခေါ်ခဲ့သလို လိုအပ်ရင် မြန်မာနိုင်ငံကို ကိုယ်တိုင်လာရောက်ဆွေးနွေးမယ်လို့ အစ်ကဘယ်လ် ဟာဆန် မာမွတ်က ပြောပါတယ်။
မြန်မာသံအမတ်ကတော့ စီမံကိန်းဖြစ်နိုင်ခြေကို စိစစ်နိုင်ဖို့ မြန်မာ–ဘင်္ဂလားဒေ့ရှ် ပူးတွဲနည်းပညာကော်မတီအစည်းအဝေးတွေကို ပြန်လည်စတင်နိုင်ကြောင်း အကြံပြုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက အဆိုပြုထားတဲ့ မြန်မာ–ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ အကောင်အထည်ပေါ်လာရင် နှစ်နိုင်ငံအကြား စွမ်းအင်နဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်စွမ်းအင်ဝန်ကြီးက ပြောပါတယ်။
လက်ရှိဆွေးနွေးမှုဟာ ကနဦးအဆိုပြုချက်အဆင့်သာရှိသေးပြီး ပိုက်လိုင်းလမ်းကြောင်း၊ တင်ပို့မယ့်ဓာတ်ငွေ့ပမာဏ၊ ကုန်ကျစရိတ်နဲ့ စီမံကိန်းစတင်မယ့်အချိန်တို့ကို သဘောတူထားခြင်း မရှိသေးပါဘူး။


