Homeပြည်တွင်းသတင်းအာဆီယံရဲ့ မြန်မာ့အရေးလုပ်ဆောင်နေမှုနဲ့ပတ်သက်​ပြီး SAC-M ရဲ့ထုတ်ပြန်ချက်ဟာ မလိုမုန်းထားပြီး အထင်အမြင်လွဲမှားစေတယ်လို့ ဖိလစ်ပိုင်တုန့်ပြန်

အာဆီယံရဲ့ မြန်မာ့အရေးလုပ်ဆောင်နေမှုနဲ့ပတ်သက်​ပြီး SAC-M ရဲ့ထုတ်ပြန်ချက်ဟာ မလိုမုန်းထားပြီး အထင်အမြင်လွဲမှားစေတယ်လို့ ဖိလစ်ပိုင်တုန့်ပြန်

၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိချဉ်းကပ်ဆောင်ရွက်မှုကို ဝေဖန်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်အချို့ရဲ့ ထုတ်ပြန်ချက်ဟာ မလိုမုန်းထားပြီး အထင်အမြင်လွဲမှားစေတယ် လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချလိုက်ပါတယ်။

၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်လည်း တာဝန်ယူထားပါတယ်။

ဇူလိုင် ၁၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး SAC-M အဖွဲ့ဝင်တွေက ဇူလိုင် ၁၈ ရက်မှာ ဝေဖန်ခဲ့တာပါ။

SAC-M က လာဇာရိုရဲ့ ဦးဆောင်မှုမှာ တုံ့ဆိုင်းတာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာတွေ ရှိနေပြီး ဖိလစ်ပိုင်ရဲ့ အာဆီယံဥက္ကဋ္ဌသက်တမ်းဟာ လမ်းကြောင်းပျက်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ စစ်အုပ်စုဘက်က လိုက်လျောမှုတစုံတရာမရှိဘဲ အာဆီယံဝန်ကြီးတွေနဲ့ တွေ့ဆုံခွင့်ပေးတာဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဆုချသလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်ဘက်ကတော့ အဲဒီအစည်းအဝေးဟာ မေလ ၂၁ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အွန်လိုင်းအလွတ်သဘောဆွေးနွေးမှုကနေ ရရှိလာတဲ့ သဘောတူညီချက်အရ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပါတယ်။

အာဆီယံခေါင်းဆောင်တွေက ပေးထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက်ငါးရပ်ကို အခြေခံပြီး အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု ဆက်လုပ်နေတာဖြစ်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဘန်ကောက်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေ၊ ဘုံသဘောတူညီချက်ငါးရပ်ကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။

ဘုံသဘောတူညီချက်ငါးရပ်မှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလုပ်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ အထူးကိုယ်စားလှယ်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေးတို့ ပါဝင်ပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက်ငါးရပ်က အာဆီယံရဲ့ အဓိကမူဘောင်အဖြစ် ဆက်ရှိနေပြီး ပဋိပက္ခရပ်စဲရေး၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖော်ဆောင်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီ တိုးချဲ့ပေးရေးတို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ဆက်လက်ထိတွေ့မယ်လို့ ဖိလစ်ပိုင်ဘက်က ပြောပါတယ်။

စစ်အုပ်စုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ခွင့်မပြုတဲ့ မူဝါဒကိုလည်း ဆက်လက်ထားရှိမယ်လို့ ဖိလစ်ပိုင်ဘက်က အသိပေးထားပါတယ်။

SAC-M ကတော့ ဇူလိုင် ၂၀ ရက်ကနေ ၂၂ ရက်အထိ မနီလာမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ စစ်အုပ်စုထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ပြန်လည်ပိတ်ပင်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ အကူအညီတွေကို အတားအဆီးမရှိ ပေးပို့ခွင့်ရရေး တောင်းဆိုဖို့ တိုက်တွန်းထားပါတယ်။

Related News

Most Read