Homeပြည်တွင်းသတင်းမြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်စင်တာထဲကနေ ဘယ်လာရုစ်အမျိုးသမီးတဦး လွတ်မြောက်

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်စင်တာထဲကနေ ဘယ်လာရုစ်အမျိုးသမီးတဦး လွတ်မြောက်

၈ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံ၊ ထိုင်းနယ်စပ်အနီးက အွန်လိုင်းငွေလိမ်စင်တာတခုထဲကနေ ဘယ်လာရုစ်နိုင်ငံသူတဦး လွတ်မြောက်လာပြီး လက်ရှိမှာ မြဝတီမြို့ရှိ လူဝင်မှုကြီးကြပ်ရေးစင်တာတခုမှာ ထိန်းသိမ်းထားတယ်လို့ နိုင်ငံတကာသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

လွတ်မြောက်လာတဲ့ ဘယ်လာရုစ်အမျိုးသမီးရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။ သူမဟာ လက်ရှိမှာ ဗီယက်နမ်နိုင်ငံရှိ ဘယ်လာရုစ်သံရုံးနဲ့ ဆက်သွယ်နေပြီး လုံခြုံတဲ့အခြေအနေမှာ ရှိနေတယ်လို့ အလားတူငွေလိမ်စင်တာထဲကနေ ဇွန်လ ၆ ရက်က လွတ်မြောက်လာခဲ့တဲ့ ရုရှားနိုင်ငံသူ Anna L. က ပြောထားပါတယ်။

Anna L. ရဲ့ ပြောဆိုချက်အရ မြဝတီရှိ လူဝင်မှုကြီးကြပ်ရေးစင်တာမှာ နေရပ်ပြန်ပို့ခံရဖို့ စောင့်ဆိုင်းနေသူ ၅၀ ခန့်ရှိနေပြီး အများစုဟာ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ မကြာသေးခင်က ဗီယက်နမ်နိုင်ငံသား ၁၀ ဦးလည်း အဲဒီနေရာကို ရောက်ရှိလာခဲ့သလို ဘယ်လာရုစ်အမျိုးသမီးတဦးကိုလည်း ရက်ပိုင်းအတွင်း ထပ်မံခေါ်ဆောင်လာခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီဘယ်လာရုစ်အမျိုးသမီးဟာ လွတ်မြောက်လာပြီဖြစ်သော်လည်း စိတ်ဖိစီးမှု ပြင်းထန်နေဆဲဖြစ်တယ်လို့ Anna L. က ပြောထားပါတယ်။ သူမ ဘယ်စင်တာကနေ လွတ်မြောက်လာသလဲ၊ ဘယ်လိုနည်းလမ်းနဲ့ မြန်မာနိုင်ငံထဲ ရောက်ရှိခဲ့သလဲဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြဝတီနယ်စပ်ဒေသဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးမှုကွန်ရက်တွေ၊ နိုင်ငံခြားသားတွေကို အလုပ်အကိုင်ကောင်းပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်ကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းစေတဲ့ စင်တာတွေ ရှိနေတဲ့ဒေသအဖြစ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက သတိပေးထားပါတယ်။

လူကုန်ကူးခံရသူတွေကို ကူညီနေတဲ့ ထိုင်းအခြေစိုက်အရပ်ဘက်အဖွဲ့တခုရဲ့ ခန့်မှန်းချက်အရ ထိုင်း-မြန်မာနယ်စပ်အနီးက အွန်လိုင်းငွေလိမ်စင်တာတွေထဲမှာ လူ ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၁,၆၀၀ ခန့်၊ မြန်မာနိုင်ငံသား ၂၀၀ ခန့်၊ ထိုင်းနိုင်ငံသား ၂၀ ခန့်နဲ့ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ဘရာဇီး၊ ရုရှား၊ ကင်ညာ၊ ယူဂန်ဒါ၊ ရဝန်ဒါနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေ ပါဝင်တယ်လို့ Reuters က ဖော်ပြထားပါတယ်။

Reuters ရဲ့ ဖော်ပြချက်အရ ထိုင်းဘက်က ယမန်နှစ်အတွင်း မြဝတီဒေသက အွန်လိုင်းငွေလိမ်စင်တာတွေထဲကနေ လူ ၅,၀၀၀ ခန့်ကို ထုတ်ယူကူညီခဲ့သော်လည်း ကြီးမားတဲ့ တရားမဝင်လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေဆဲဖြစ်ပါတယ်။ အဲဒီစင်တာတွေဟာ နှစ်စဉ် ဒေါ်လာဘီလီယံချီ ဝင်ငွေရှိတဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဖြစ်ပြီး လူကုန်ကူးခံရသူတွေကို ဖိနှိပ်တဲ့အခြေအနေတွေထဲမှာ အလုပ်လုပ်ခိုင်းနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဘယ်လာရုစ်နိုင်ငံသူတွေ မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်စင်တာတွေနဲ့ ပတ်သက်ပြီး သတင်းထွက်ပေါ်တာဟာ အခုတကြိမ် ပထမဆုံးမဟုတ်ပါဘူး။ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ဘယ်လာရုစ်နိုင်ငံသူ Vera Kravtsova ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ရောက်ရှိပြီးနောက် ပျောက်ဆုံးသွားခဲ့ပြီး သူမ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနက သူမသေဆုံးကြောင်း စာရွက်စာတမ်းတွေဟာ အတုဖြစ်တယ်လို့သာ ပြောထားပြီး နောက်ထပ်အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

လက်ရှိလွတ်မြောက်လာတဲ့ ဘယ်လာရုစ်အမျိုးသမီးနဲ့ ပတ်သက်ပြီး နေရပ်ပြန်ပို့မယ့် အချိန်ဇယား၊ မြန်မာဘက်နဲ့ ဘယ်လာရုစ်သံရုံးအကြား ညှိနှိုင်းမှုအခြေအနေ၊ သူမကို ချုပ်နှောင်ထားခဲ့တဲ့ စင်တာနဲ့ တာဝန်ရှိသူတွေကို အရေးယူမယ့် အစီအစဉ်တွေကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Related News

Most Read