Homeပြည်တွင်းသတင်းတရုတ်မှာ ဖမ်းဆီးခံထားရတဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP-Myanmar တောင်းဆို

တရုတ်မှာ ဖမ်းဆီးခံထားရတဲ့ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP-Myanmar တောင်းဆို

၁၇ ဇွန် ၂၀၂၆ | New Day Myanmar

တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP-Myanmar က ဇွန်လ ၁၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပမယ့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့ သွားရောက်ချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုလိုဖမ်းဆီးထားမှုကို မှားယွင်းစွာဖမ်းဆီးမှုအဖြစ် ISP-Myanmar က ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်နိုင်ငံသားဖြစ်တဲ့ ဦးမင်းဇင်ကို သူလျှိုလုပ်ငန်းနဲ့ တရုတ်နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားကြောင်း အတည်ပြုထားပါတယ်။

ဒါပေမဲ့ တရုတ်ဘက်က ဦးမင်းဇင်အပေါ် စွပ်စွဲထားတဲ့ အထောက်အထားအသေးစိတ်တွေကိုတော့ အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ISP-Myanmar ကတော့ အထောက်အထားမရှိတဲ့ စွပ်စွဲချက်အားလုံးကို အပြင်းအထန် ကန့်ကွက်ငြင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။

ISP-Myanmar ဟာ အစိုးရမဟုတ်တဲ့ လွတ်လပ်ပြီး ပါတီစွဲကင်းတဲ့ သုတေသနအဖွဲ့အစည်းတစ်ခုသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးအခြေအနေတွေအပေါ် ဒေတာအခြေပြု သုတေသနနဲ့ သုံးသပ်ချက်တွေ ထုတ်ပြန်နေတဲ့အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့အနေနဲ့ ဒီမိုကရေစီနည်းကျ ခေါင်းဆောင်မှုနဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံ့အရေးပါဝင်မှု အားကောင်းလာရေးကို ရည်ရွယ်လုပ်ဆောင်နေပြီး မူဝါဒသုတေသန၊ လူထုဆက်ဆံရေး၊ ခေါင်းဆောင်အဆင့် ဆွေးနွေးမှုနဲ့ လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခြိမ်းခြောက်ဖိအားပေးမှုမခံရဘဲ လွတ်လပ်စွာ သုတေသနပြုနိုင်ခွင့်ဟာ ISP-Myanmar အပါအဝင် ပညာရပ်ဆိုင်ရာနဲ့ သုတေသနအဖွဲ့အစည်းတွေအတွက် အလွန်အရေးကြီးကြောင်းလည်း အဖွဲ့က ပြောဆိုထားပါတယ်။

ဦးမင်းဇင်ဟာ မြန်မာ့နိုင်ငံရေး၊ တရုတ်နိုင်ငံခြားရေးမူဝါဒနဲ့ အရှေ့တောင်အာရှရေးရာတွေကို လေ့လာသုံးသပ်နေသူဖြစ်ပြီး အမေရိကန်နိုင်ငံသားတစ်ဦးလည်း ဖြစ်ပါတယ်။ အမေရိကန်ဘက်က ဦးမင်းဇင် ဖမ်းဆီးခံထားရမှုကို သိရှိထားပြီး သံရုံးဆိုင်ရာ အကူအညီပေးနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ISP-Myanmar ကတော့ ဦးမင်းဇင်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားသလို လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းအဖြစ် အများပြည်သူအကျိုးရှိစေမယ့် သုတေသနနဲ့ သုံးသပ်ချက်တွေကို ဆက်လက်ထုတ်ဝေသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး