Homeဆောင်းပါးထိုင်းရဲ့ ကြီးမားတဲ့ စားသုံးသူစျေးကွက်ဖြစ်လာတဲ့ မြန်မာရွှေ့ပြောင်း ၄ ဒသမ ၁ သန်း

ထိုင်းရဲ့ ကြီးမားတဲ့ စားသုံးသူစျေးကွက်ဖြစ်လာတဲ့ မြန်မာရွှေ့ပြောင်း ၄ ဒသမ ၁ သန်း

၁၆ ဇွန် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်နေတဲ့ မြန်မာလူဦးရေ ၄ ဒသမ ၁ သန်းခန့်ဟာ ယခင်ကလို စျေးသက်သာတဲ့ လုပ်သားအင်အားအဖြစ်သာ မဟုတ်တော့ဘဲ လက်လီရောင်းချရေး၊ ဆက်သွယ်ရေး၊ ငွေလွှဲဝန်ဆောင်မှု၊ အိမ်ခြံမြေနဲ့ ငွေချေးလုပ်ငန်းတွေ အာရုံစိုက်လာတဲ့ စားသုံးသူဈေးကွက်ကြီးတခုအဖြစ် ပေါ်ထွက်လာနေပါတယ်။

ဈေးကွက်အကြံပေးကုမ္ပဏီ Happio Co ရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၈ သန်းနဲ့ မှတ်ပုံတင်မရှိသူ ၁ ဒသမ ၃ သန်းခန့် ပါဝင်ပြီး တနှစ်ကို ထိုင်းနိုင်ငံအတွင်း ဘတ် ၂၂၁ ဘီလီယံခန့် သုံးစွဲနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲကို ပြန်လည်ပေးပို့တဲ့ ငွေပမာဏကလည်း တနှစ်ကို ဘတ် ၁၁၉ ဘီလီယံခန့် ရှိနေတယ်လို့ Happio က ဆိုပါတယ်။

Happio ဟာ ထိုင်းကုမ္ပဏီတွေကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်ဈေးကွက်တွေမှာ ကုန်အမှတ်တံဆိပ်တွေ ရောင်းချနိုင်ဖို့ အကြံပေးနေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။

Happio ရဲ့ အမှုဆောင်အရာရှိချုပ် Natee Jarayabhand က ထိုင်းနိုင်ငံအတွင်း မြန်မာလူဦးရေ မြင့်တက်လာပြီး အလွှာစုံက လူတွေ ပိုမိုများပြားလာတဲ့အတွက် မြန်မာဈေးကွက်ဟာ ယခင်ကလို အစွန်အဖျားဈေးကွက် မဟုတ်တော့ဘဲ အဓိကဈေးကွက်တခုအဖြစ် ပြောင်းလဲလာနေတယ်လို့ပြောကြောင်း The Business Times မှာဖော်ပြပါတယ်။

Happio ဟာ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတွေကို ရည်ရွယ်တဲ့ ဈေးကွက်မြှင့်တင်ရေး ကမ်ပိန်းတွေ ဖော်ဆောင်ရာမှာ ကုမ္ပဏီတွေကို ကူညီပေးနေပြီး အဲဒီကုမ္ပဏီတွေထဲမှာ ဆက်သွယ်ရေးကုမ္ပဏီ True နဲ့ dtac၊ ငွေလွှဲကုမ္ပဏီ Western Union တို့ ပါဝင်ပါတယ်။ 7-Eleven ရဲ့ ALL Member loyalty programme အတွက်လည်း Happio က လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။

“7-Eleven ဆိုင်ခွဲတချို့မှာ ထိုင်းဖောက်သည်တွေထက် မြန်မာဖောက်သည်တွေ ပိုများတဲ့နေရာတွေတောင် ရှိပါတယ်။” လို့ Natee Jarayabhand က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆယ်စုနှစ်များစွာကြာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအတွက် အဓိကသွားရောက်လုပ်ကိုင်ရာ နိုင်ငံတခု ဖြစ်ခဲ့ပါတယ်။ မြန်မာလုပ်သားအများစုဟာ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်၊ အိမ်အကူနဲ့ ထိုင်းလုပ်သားရှားပါးတဲ့ လုပ်အားအခြေပြုကဏ္ဍတွေမှာ အလုပ်လုပ်ကိုင်ကြပါတယ်။

ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာတော့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာလူဦးရေရဲ့ ပုံစံဟာ ပြောင်းလဲလာပါတယ်။ ကိုဗစ်ကာလကစပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုမြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေ အသက်သွင်းလာပြီးနောက် မြန်မာနိုင်ငံရဲ့ အလယ်အလတ်နဲ့ အထက်တန်းလွှာတွေပါ ထိုင်းနိုင်ငံကို ပိုမိုရွှေ့ပြောင်းလာကြပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ထိုင်းနိုင်ငံမှာ Condominium ဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေဟာ အများဆုံး ၃ နိုင်ငံစာရင်းထဲမှာ ပါဝင်ခဲ့ပြီး အများစုက ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ ဝယ်ယူကြတာ ဖြစ်ပါတယ်။

Happio ရဲ့ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံမှာ အဆင့်မြင့်ပညာရေး တက်ရောက်နေတဲ့ မြန်မာကျောင်းသား ၁၅,၀၀၀ ကျော် ရှိပြီး နိုင်ငံတကာအထက်တန်းကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ရာနဲ့ချီလည်း ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်လာပြီးနောက် လူငယ်အများအပြား ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့ပြီး အချို့က ချမ်းသာတဲ့ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာတွေ လာပြီးဖွင့်ထားတဲ့ Bar တွေ၊ Coffee ဆိုင် တွေနဲ့ မြန်မာအစားအစာ စားသောက်ဆိုင်တွေဟာ ငွေကြေးတတ်နိုင်တဲ့ မြန်မာနေရပ်ရွေ့ပြောင်းတွေနဲ့ ခရီးသွားတွေကို ရည်ရွယ်ထားပေမဲ့ ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအများစုကတော့ အဲဒီလိုနေရာတွေမှာ သုံးစွဲနိုင်တဲ့ အခြေအနေ မရှိကြပါဘူး။

ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ startup တွေကို နှစ် ၂၀ ကျော် ရင်းနှီးမြှုပ်နှံလာတဲ့မြန်မာစီးပွားရေးလုပ်ငန်းရှင်တဦး ကတော့ ထိုင်းနိုင်ငံအတွင်း မြန်မာလုပ်သားဈေးကွက်ကို အဓိကအာရုံစိုက်လုပ်ကိုင်နေပါတယ်။

သူဟာ ၂၀၂၂ ခုနှစ်မှာ Syn Pitarn Group ဆိုတဲ့ pico-finance ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဘတ် ၈,၀၀၀ ကနေ ၄၀,၀၀၀ အထိ ချေးငွေအသေးစားတွေ ပေးနေပါတယ်။

ထိုင်းနဲ့ ဗြိတိန် နိုင်ငံသားခံယူထားသူ အဲ့ဒီမြန်မာ က “သူတို့ကို ထိုင်းဘဏ်တခုမှ ချေးငွေမပေးပါဘူး။ ဒီလူအုပ်စုကြီးဟာ ငွေချေးဖို့ လိုအပ်နေတဲ့ အလွန်ကြီးမားတဲ့ စျေးကွက် ဖြစ်တယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

“ကျွန်တော်တို့က အလားအလာရှိတဲ့ ဖောက်သည်တွေထဲက အလွန်နည်းတဲ့ အစိတ်အပိုင်းလောက်ပဲ လုပ်နိုင်သေးတာပါ။ ဒီလုပ်ငန်းက ရေရှည်တည်တံ့နိုင်တဲ့ လုပ်ငန်းတခုလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်က ဆက်ကြီးထွားနေပါတယ်” လို့ သူက ပြောပါတယ်။

သူက မြန်မာပြည်သူတွေ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာမှုဟာ မကြာခင်ရပ်တန့်သွားမယ့် အခြေအနေ မဟုတ်ဘူးလို့လည်း သုံးသပ်ပါတယ်။

“လာမယ့် ၄ နှစ်၊ ၅ နှစ်အတွင်း မြန်မာနိုင်ငံပြဿနာတွေ ဖြေရှင်းနိုင်မယ့် အလားအလာ မမြင်ရတဲ့အတွက် ဒီရွှေ့ပြောင်းမှုဖြစ်စဉ်က ဆက်ရှိနေမယ်လို့ မြင်ပါတယ်” လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း မြန်မာလူဦးရေ ၄ ဒသမ ၁ သန်းခန့် ရှိလာတာဟာ ထိုင်းစီးပွားရေးအတွက် လုပ်သားအင်အားသာမက စားသုံးသူအင်အား၊ အိမ်ခြံမြေဝယ်လိုအား၊ ပညာရေးဈေးကွက်၊ ငွေလွှဲလုပ်ငန်းနဲ့ ငွေရေးကြေးရေးဝန်ဆောင်မှုဈေးကွက်တွေကိုပါ ပြောင်းလဲစေတဲ့ အချက်တခု ဖြစ်လာနေပါတယ်။

တဖက်မှာတော့ ဒီအခြေအနေဟာ စစ်အာဏာသိမ်းမှု၊ စစ်မှုထမ်းဥပဒေ၊ စီးပွားရေးကျဆင်းမှုနဲ့ လုံခြုံရေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံက လူငယ်၊ လုပ်သား၊ ပညာတတ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ထိုင်းနိုင်ငံကို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းလာနေရတဲ့ အကျပ်အတည်းကိုလည်း ပြသနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး