Homeပြည်တွင်းသတင်းPDF မန္တလေးခေါင်းဆောင် ဗိုလ်မုန်တိုင်းကို ရွှေ ၁၆ ပိဿပြန်မအပ်မှုအပါ စစ်စည်းကမ်းချိုးဖောက်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြော

PDF မန္တလေးခေါင်းဆောင် ဗိုလ်မုန်တိုင်းကို ရွှေ ၁၆ ပိဿပြန်မအပ်မှုအပါ စစ်စည်းကမ်းချိုးဖောက်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြော

၁၃ ဇွန် ၂၀၂၆ | New Day Myanmar

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တာဝန်ရှိသူ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်စည်းကမ်းချိုးဖောက်မှုတွေ၊ တပ်ဖွဲ့ပိုင်ဘဏ္ဍာပစ္စည်းတွေ တရားမဝင်ထုတ်ယူမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ကစပြီး တပ်ရင်းအမှတ် ၁၂၀၁၊ ၁၂၀၂ တို့နဲ့ စတင်ကွပ်ကဲခဲ့ပြီး နောက်ပိုင်း တပ်ရင်းတပ်ဖွဲ့တွေကိုလည်း ဆက်လက်ကွပ်ကဲခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်မုန်တိုင်းဟာ PDF မန္တလေးရဲ့ စစ်ဆင်ရေးနဲ့ စုဖွဲ့မှုတာဝန်ခံအဖြစ်လည်းကောင်း၊ ရဲဘော်နိုင်ကြီးဟာ စစ်ထောက်တာဝန်ခံအဖြစ်လည်းကောင်း စတင်ဖွဲ့စည်းချိန်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တာဝန်ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ၂၀၂၄ ခုနှစ်အတွင်း ရဲဘော်မုန်တိုင်းဟာ တပ်ဖွဲ့အတွင်းရှိ ကာမပိုင်အမျိုးသမီးတစ်ဦးနဲ့ လူမှုရေးဖောက်ပြန်မှု ကျူးလွန်ခဲ့ကြောင်း သိရှိခဲ့ပြီး အဲဒီဖြစ်စဉ်ကြောင့် တပ်တွင်းယုံကြည်မှုနဲ့ စည်းလုံးမှု ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ PDF မန္တလေးရဲ့ ဦးဆောင်မှုနဲ့ တပ်ဖွဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ပြောင်းလဲခဲ့ရပြီး ရဲဘော်မုန်တိုင်းကိုလည်း အချုပ်ပြစ်ဒဏ် ၆ လ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ရဲဘော်မုန်တိုင်းဟာ အချုပ်ပြစ်ဒဏ်ကို အပြည့်အဝ မခံယူဘဲ ပုံစံအမျိုးမျိုးနဲ့ ရှောင်လွှဲခဲ့သလို စစ်ဆင်ရေးကိစ္စကလွဲပြီး တပ်ဖွဲ့လုပ်ငန်းတွေက အနားပေးထားတဲ့ ညွှန်ကြားချက်ကိုလည်း မလိုက်နာခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ရဲဘော်မုန်တိုင်းက ရဲဘော်နိုင်ကြီးကို တရားမဝင် ဆက်သွယ်စေခိုင်းပြီး တပ်ဖွဲ့ပိုင် ဘဏ္ဍာငွေကြေးနဲ့ ရွှေတွေ ထုတ်ယူခဲ့ကြောင်း သတင်းရရှိခဲ့တာကြောင့် ၂၀၂၅ ခုနှစ် မေလမှာ တပ်ဖွဲ့တွင်း စာရင်းစစ်အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စာရင်းစစ်ဆေးချက်အရ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ဟာ တပ်ဖွဲ့ပိုင် ရွှေ ၁၆ ဒသမ ၆ ပိဿာကို တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး တရားမဝင် ထုတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ် ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ PDF မန္တလေး ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေးမှာ အဆိုပါ ဘဏ္ဍာပစ္စည်းတွေ တရားမဝင်ထုတ်ယူခဲ့တာနဲ့ ပတ်သက်ပြီး ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ နှစ်ဦးလုံးက အပြစ်ရှိကြောင်း ဝန်ခံခဲ့သလို ဘဏ္ဍာပစ္စည်းတွေကို တပ်ဖွဲ့ထံ ပြန်လည်အပ်နှံမယ်လို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကာယကံရှင်နှစ်ဦးဟာ အပြစ်ဒဏ်ကို မခံယူဘဲ ရှောင်လွှဲခဲ့တဲ့အပြင် ရွှေ ၁၆ ဒသမ ၆ ပိဿာကိုလည်း တပ်ဖွဲ့ထံ ပြန်လည်အပ်နှံတာ မရှိခဲ့ဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးအရေးကြီးနေတဲ့ ကာလအတွင်း တပ်ဖွဲ့ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ လမ်းညွှန်ကြီးကြပ်မှုကို မနာခံတာ၊ ချမှတ်ထားတဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို မလိုက်နာတာ၊ တပ်ဖွဲ့အတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ပြုလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီအခြေအနေတွေကြောင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ကစပြီး ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို လက်ရှိတာဝန်အားလုံးက ရပ်ဆိုင်းခဲ့ပြီး လက်နက်ဖြုတ်သိမ်းကာ အချုပ်နဲ့ ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က အဆိုပါကိစ္စကို စစ်ဆေးနိုင်ဖို့ အမိန့်အမှတ် ၁၁၀/၂၀၂၅ နဲ့ အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်ကနေ မေလ ၂၉ ရက်အထိ တိုင်ကြားသူ၊ တိုင်ကြားခံရသူတွေနဲ့ သက်သေစုစုပေါင်း ၂၀ ဦးကို စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကြားဖြတ်အစီရင်ခံစာမှာတော့ ရဲဘော်မုန်တိုင်းဟာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီး တစ်ဦးတည်း စီမံဆောင်ရွက်ခဲ့တာ၊ ဘဏ္ဍာရေးနဲ့ ရွှေလုပ်ငန်းဆိုင်ရာ စာရင်းဇယား Hard Copy နဲ့ Soft Copy တွေကို ဖျက်ဆီးစေခဲ့တာ၊ ရွှေ ၁၆ ပိဿာကျော်ကို တာဝန်ရှိသူတွေထံ ပြန်လည်အပ်နှံတာ မရှိတာတွေကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စစ်ဘက်ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဆက်လက်ထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး