၉ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်မြို့ရဲ့ လူအစည်ကားဆုံးနဲ့ နိုင်ငံခြားသားခရီးသွားတွေကြား နာမည်ကြီးတဲ့ ၁၉ လမ်းကို စည်ပင်သာယာရေးအဖွဲ့က ရက် ၁၀၀ စီမံချက်နဲ့ ရှင်းလင်းရေးလုပ်ဆောင်ပြီးနောက် ဒီနေ့ညနေပိုင်းမှာ ညဈေးပုံစံသစ်နဲ့ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
အရင်က ၁၉ လမ်းဟာ လမ်းဘေးစားသောက်ဆိုင်တွေ၊ စားပွဲခုံတွေနဲ့ ညတိုင်း လူစည်ကားနေတဲ့ နေရာတစ်ခုဖြစ်ပြီး ရန်ကုန်ရောက် ပြည်တွင်းပြည်ပဧည့်သည်တွေ မဖြစ်မနေ သွားရောက်လေ့ရှိတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ လမ်းဘေးကျူးကျော်မှုတွေကို ရှင်းလင်းပြီး ညဈေးပုံစံနဲ့ ပြန်လည်အသက်သွင်းထားတာဖြစ်ကာ စားသောက်ဆိုင်တွေ၊ လမ်းဘေးဈေးသည်တွေနဲ့ ပြန်လည်စည်ကားလာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခုဖွင့်လှစ်လိုက်တဲ့ ညဈေးပုံစံသစ်ဟာ ရေရှည်မှာ အောင်မြင်မှုရရှိမလားဆိုတာကိုတော့ မြို့ခံတွေနဲ့ လုပ်ငန်းရှင်တွေကြား စောင့်ကြည့်ဝေဖန်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က ရန်ကုန်ကမ်းနားလမ်းမှာ ဖွင့်လှစ်ခဲ့တဲ့ ညဈေးစီမံကိန်းဟာ ရေရှည်အောင်မြင်မှု မရရှိခဲ့တာကြောင့် ၁၉ လမ်း ညဈေးပုံစံသစ်ရဲ့ အနာဂတ်အခြေအနေကိုလည်း တိတိကျကျ ခန့်မှန်းဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
လတ်တလောမှာ စစ်ကော်မရှင်က KTV တွေ၊ ဘားတွေနဲ့ နိုက်ကလပ်တွေကို ဖွင့်ချိန်ကန့်သတ်ချက်တွေနဲ့ တင်းကျပ်စွာ ကြီးကြပ်နေချိန်မှာပဲ ၁၉ လမ်းကို ပြန်လည်စည်ကားလာစေဖို့ ကြိုးပမ်းလာတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ


