Homeပြည်တွင်းသတင်းရန်ကုန်မြို့လယ်တွင် တိုက်ခန်းသော့တွဲ ခိုးယူပြီး အိမ်တကာလှည့်လည်ကာ ငွေတောင်းခံနေသည့် အမျိုးသမီးတစ်ဦးကြောင့် ဒေသခံများ စိုးရိမ်နေ

ရန်ကုန်မြို့လယ်တွင် တိုက်ခန်းသော့တွဲ ခိုးယူပြီး အိမ်တကာလှည့်လည်ကာ ငွေတောင်းခံနေသည့် အမျိုးသမီးတစ်ဦးကြောင့် ဒေသခံများ စိုးရိမ်နေ

၉ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်မြို့လယ် ပန်းပဲတန်းမြို့နယ်အတွင်း ခိုးဆိုးလုယက်မှုများ များပြားလာနေချိန်မှာ တိုက်ခန်းသော့တွဲတစ်ခုကို ခိုးယူပြီး အိမ်တကာ လိုက်လံတံခါးခေါက်ကာ ငွေတောင်းခံနေသည့် အမျိုးသမီးတစ်ဦးကြောင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၈ ရက် မနက်ပိုင်းက ပန်းပဲတန်းမြို့နယ် လမ်း ၃၀ (အောက်ဘလောက်) ရှိ တိုက်ခန်းတစ်ခုမှာ နေထိုင်သူတစ်ဦးရဲ့ မိခင်ဖြစ်သူက စျေးသွားရန် အိမ်အောက်ဆင်းလာစဉ် တိုက်ခန်းရှေ့မှာ ပစ္စည်းအတင်အချလုပ်နေသူများ ရှိနေတာကြောင့် တံခါးသော့ကို ဖွင့်ထားရက်သားနဲ့ ထွက်သွားခဲ့ပြီးနောက် သော့တွဲ ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်း CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးရာမှာ လမ်းပေါ်လှည့်လည်သွားလာနေတဲ့ အမျိုးသမီးတစ်ဦးက သော့တွဲကို ယူဆောင်သွားခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ ခိုးယူထားတဲ့ သော့တွဲကို ကိုင်ဆောင်ပြီး တိုက်ခန်းပေါ်ထပ်များအထိ တက်ရောက်ကာ “ကျွန်မ အပေါ်ထပ်ကပါ” လို့ ပြောဆိုပြီး အိမ်တံခါးဘဲလ်တွေ လိုက်လံတီးကာ ငွေကြေးတောင်းခံခဲ့တယ်လို့ ကာယကံရှင်မိသားစုဘက်က ပြောပါတယ်။

ဒေသခံအချို့ရဲ့ ပြောဆိုချက်အရ အဆိုပါအမျိုးသမီးဟာ ပတ်ဝန်းကျင်မှာ မကြာခဏ ငွေလိုက်တောင်းလေ့ရှိသူဖြစ်တာကြောင့် တိုက်ခန်းနေထိုင်သူအများစုက ငွေကြေးပေးအပ်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

“ကိုယ့်ဘက်က ခဏတာ သတိမေ့ပြီး ပေါ့ဆမိတာ ရှိပေမဲ့ ဒါဟာ သူခိုးကို လာခိုးဖို့ ခွင့်ပြုထားတာ မဟုတ်ပါဘူး။ အခုတော့ အဖိုးတန်ပစ္စည်း မပါသွားပေမဲ့ တိုက်ခန်းတစ်ခုလုံးရဲ့ သော့တွေ အသစ်ပြန်လဲရလို့ ငွေကုန် လူပန်း ဖြစ်ခဲ့ရတယ်” လို့ ကာယကံရှင်မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစခန်းမှာ တိုင်ကြားထားပြီးဖြစ်ပေမဲ့ ရဲတပ်ဖွဲ့ဘက်က သော့များကို အမြန်ဆုံး ပြန်လည်လဲလှယ်ထားဖို့သာ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ စုံစမ်းသိရှိချက်အရ အဆိုပါအမျိုးသမီးဟာ ပန်းပဲတန်းမြို့နယ် လမ်း ၃၀ အနီးရှိ တိုက်ခန်းတစ်ခုမှာ နေထိုင်သူဖြစ်ပြီး ယခင်ကလည်း မီးရှို့မှုနဲ့ ဆက်စပ်တဲ့ ပြဿနာများကြောင့် နေထိုင်ရာအခန်းမှ ဖယ်ရှားခံခဲ့ရဖူးသလို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးခံရဖူးသူတစ်ဦးဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။

ဒါကြောင့် ပန်းပဲတန်းမြို့နယ်နဲ့ ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းနေထိုင်သူများအနေနဲ့ အိမ်သော့များကို ဂရုတစိုက် ထိန်းသိမ်းထားကြဖို့နဲ့ မသင်္ကာဖွယ်လူများကို တွေ့ရှိပါက သက်ဆိုင်ရာထံ အမြန်ဆုံး အကြောင်းကြားကြဖို့ လူမှုကွန်ရက်ပေါ်မှာ သတိပေးနှိုးဆော်မှုတွေ ထွက်ပေါ်နေပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး