Homeအထူးသတင်းတရုတ်နဲ့ အီရန်အရေး ဆွေးနွေးခဲ့ကြောင်း ထရမ့်ထုတ်ဖော်၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ရှီလိုလားဟုဆို

တရုတ်နဲ့ အီရန်အရေး ဆွေးနွေးခဲ့ကြောင်း ထရမ့်ထုတ်ဖော်၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ရှီလိုလားဟုဆို

၁၅ မေ ၂၀၂၆ | New Day Myanmar

တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အီရန်အရေး ဆွေးနွေးခဲ့တဲ့ အချက်အလက်တချို့ကို Fox News နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားလာပါတယ်။

ထရမ့်က မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ တရုတ်အနေနဲ့ အီရန်ဆီ စစ်ဘက်အသုံးအဆောင်တွေ ထောက်ပံ့ပေးပို့မှာ မဟုတ်ဘူးလို့ ရှီကျင့်ဖျင်က သဘောတူခဲ့ကြောင်း ပြောပါတယ်။

“ရှီက အီရန်ကို စစ်ရေးအသုံးအဆောင်တွေ မထောက်ပံ့ဘူးလို့ အာမခံခဲ့တယ်။ ဒါဟာ သက်ရောက်မှုကြီးမားတဲ့ သဘောထားကြေညာချက်မျိုး ဖြစ်ပါတယ်” လို့ ထရမ့်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ စွမ်းအင်တင်ပို့မှုအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ရေးကို တရုတ်ဘက်ကလည်း လိုလားနေတယ်လို့ ထရမ့်က ပြောပါတယ်။

တရုတ်ဟာ အရှေ့အလယ်ပိုင်းဒေသက ရေနံတွေကို အများအပြား ဝယ်ယူနေတဲ့နိုင်ငံဖြစ်တာကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားမှု အမြန်ဆုံး ပြန်လည်ဖြေလျှော့စေချင်နေကြောင်း၊ ရှီကလည်း အဲဒီကိစ္စကို “လေးလေးနက်နက်” စိတ်ဝင်စားနေတယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ထရမ့်က တရုတ်နဲ့ အမေရိကန်ကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ဆွေးနွေးခဲ့ကြောင်း ပြောပြီး တရုတ်အနေနဲ့ အမေရိကန်ရဲ့ Texas ၊ Louisiana နဲ့ Alaska ပြည်နယ်တွေက ရေနံနဲ့ စွမ်းအင်ထွက်ကုန်တွေ ဝယ်ယူသွားဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

“တရုတ်အတွက် အရေးကြီးဆုံးက စွမ်းအင်ပါ။ အမေရိကန်မှာတော့ စွမ်းအင်အရင်းအမြစ်တွေ အကန့်အသတ်မရှိနီးပါး ရှိနေပါတယ်” လို့ ထရမ့်က ပြောပါတယ်။

နျူကလီးယားအရေးနဲ့ ပတ်သက်ပြီးတော့လည်း တရုတ်ဟာ အီရန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်လာတာကို မလိုလားဘူးလို့ ထရမ့်က ဆိုပါတယ်။

ထရမ့်က အီရန်အစိုးရဟာ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှု မတိုင်ခင်မှာတင် အတွင်းပိုင်း သဘောထားကွဲလွဲမှုတွေ များနေပြီး သဘောတူညီချက်တစ်ခုကို မြန်မြန်ရှာဖွေသင့်နေပြီလို့ သတိပေးပြောဆိုခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ သည်းခံနိုင်စွမ်းက လျော့လာနေပြီ” လို့လည်း ထရမ့်က ပြောပါတယ်။

ဒါ့အပြင် အီရန်စစ်ပွဲမှာ အမေရိကန်က အောင်ပွဲရခဲ့တယ်လို့ ထရမ့်က ကြွေးကြော်ခဲ့ပြီး အမေရိကန်စစ်တပ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စစ်တပ်အဖြစ် ဆက်လက်တည်ဆောက်နေကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေကလည်း အရင်ထက် ပိုမိုအဆင်ပြေလာနေကြောင်း၊ Boeing လေယာဉ် အစီး ၂၀၀ အထိ ဝယ်ယူဖို့ တရုတ်ဘက်က စိတ်ဝင်စားနေကြောင်း ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး