Homeပြည်တွင်းသတင်းစစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကြောင့် ရန်ကုန်လမ်းဘေးဈေးသည်တွေ အခက်ကြုံနေရဟု ဆို

စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကြောင့် ရန်ကုန်လမ်းဘေးဈေးသည်တွေ အခက်ကြုံနေရဟု ဆို

၁၅ မေ ၂၀၂၆ | New Day Myanmar

စစ်အစိုးရရဲ့ “ရက် ၁၀၀ စီမံချက်” ခေါင်းစဉ်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားရှင်းလင်းနေမှုတွေကြောင့် ရန်ကုန်မြို့က လမ်းဘေးဈေးသည်တွေ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဈေးသည်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

အရင်က လမ်းမကြီးတွေပေါ်မှာသာ စည်းကမ်းချက်ထုတ်ပြန်ပြီး မလိုက်နာသူတွေကို ဖမ်းဆီးသိမ်းဆည်းတာမျိုး ရှိခဲ့ပေမယ့် အခုရက်ပိုင်းအတွင်းမှာတော့ လှိုင်၊ ကမာရွတ် စတဲ့ မြို့နယ်တွေအတွင်း လမ်းသွယ်တွေထဲအထိ စည်ပင်ဝန်ထမ်းတွေ ဝင်ရောက်ဖယ်ရှားရှင်းလင်းလာတယ်လို့ လမ်းဘေးဈေးသည်တစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“အခုက အရင်ဂဠုန်လက်ထက်ကလို ဖြစ်နေတယ်။ ဈေးဗန်းခင်းတယ်၊ စည်ပင်လာရင် ပြေးကြတယ်။ စီမံချက်ကြောင့် လုပ်တယ်ဆို နေရာတစ်နေရာပေးပြီး ရေရှည်အတွက် စဉ်းစားသင့်တယ်။ အခုဟာက ဖယ်လို့သာပြောပြီး လိုက်ဖမ်းတာ၊ ဈေးသည်နဲ့ စည်ပင် စိန်ပြေးတန်းကစားနေသလို ဖြစ်နေတာ။ နိုင်ငံတော်အဆင့်ဆိုတာ ရီဖို့တောင်ကောင်းတယ်” လို့ နှစ် ၃၀ နီးပါး လမ်းဘေးဈေးရောင်းလာသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြောင်းဖုံးပေါ် တိုးချဲ့ဆောက်ထားတဲ့ ဆိုင်အမိုးတွေကို ဖြုတ်ခိုင်းတာ၊ လမ်းဘေးမှာ ခင်းကျင်းရောင်းချတဲ့ ကုန်စိမ်းသည်တွေကို ဖယ်ရှားခိုင်းတာတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတင်းကျပ်လာနေတယ်လို့လည်း ဆိုပါတယ်။

“ဆိုင်အမိုးတွေ၊ ခုံတွေကို အတင်းဖျက်သိမ်းခိုင်းတော့ မိုးရွာနေတဲ့အချိန် ပစ္စည်းဆုံးရှုံးတာတွေလည်း ရှိတယ်။ သူတို့က သူတို့ရှေ့မှာတင် တစ်ခါတည်းသိမ်း၊ မသိမ်းရင် ကားပေါ်ဆွဲတင်၊ ရန်ဖြစ်အော်ဟစ်ကြနဲ့” လို့ ဈေးဝယ်သူတစ်ဦးကလည်း ပြောပါတယ်။

ကိုယ်ပိုင်ဆိုင်ခန်း မရှိကြတဲ့ လက်လုပ်လက်စားပြည်သူတွေအတွက် လမ်းဘေးဈေးရောင်းချတာဟာ နေ့စဉ်ဝမ်းရေးအတွက် အဓိက မှီခိုရာဖြစ်ပြီး အခုလို စီမံချက်မရှိဘဲ ဖယ်ရှားရှင်းလင်းမှုတွေကြောင့် ကုန်စိမ်းသည်တွေ၊ အကြော်သည်တွေ၊ လမ်းဘေးစားသောက်ဆိုင်လေးတွေ နေ့စဉ်ဝင်ငွေ ထိခိုက်နေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကို သပ်ရပ်လှပစေဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို လုပ်ဆောင်နေပေမယ့် မြေပြင်မှာတော့ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအခက်အခဲတွေကို ပြည်သူတွေ အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။

စစ်ခေါင်းဆောင် ရန်ကုန်လာရောက်ချိန်တွေမှာ အခုလို ရှင်းလင်းမှုတွေ ပိုမိုလုပ်ဆောင်လေ့ရှိပြီး လက်ရှိ “ရက် ၁၀၀ စီမံချက်” ဟာလည်း ရွေးကောက်ပွဲအတွက် ပုံရိပ်ကောင်းဖန်တီးဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး