Homeပြည်တွင်းသတင်းFugar Garment စက်ရုံတွင် ညလုံးပေါက်နီးပါး OT ဆင်းရန် ဖိအားပေးနေမှုကြောင့် အလုပ်သမားများ ကျန်းမာရေးထိခိုက်လာဟု ဆို

Fugar Garment စက်ရုံတွင် ညလုံးပေါက်နီးပါး OT ဆင်းရန် ဖိအားပေးနေမှုကြောင့် အလုပ်သမားများ ကျန်းမာရေးထိခိုက်လာဟု ဆို

၁၅ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ Fugar Garment (Myanmar) Co., Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို ညလုံးပေါက်နီးပါး အချိန်ပို (OT) ဆင်းဖို့ ဖိအားပေးခိုင်းစေနေတာကြောင့် အလုပ်သမားတွေ ကျန်းမာရေးနဲ့ လူမှုရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားသမဂ္ဂအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက် ညပိုင်းမှာ အထည်စံချိန် မပြည့်မီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ Other Section က အလုပ်သမားတွေကို စက်ရုံရဲ့ တရုတ်လူမျိုး တာဝန်ခံကိုယ်တိုင်က ည ၁၁ နာရီခွဲအထိ အချိန်ပိုဆင်းဖို့ အတင်းအဓမ္မ ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အချိန်ပိုခေါ်ယူတာဟာ တစ်ကြိမ်တစ်ခါသာ မဟုတ်ဘဲ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး OT ဆင်းချိန်နဲ့ နောက်တစ်ရက် အလုပ်ပြန်ဆင်းရတဲ့အချိန်တွေ ကပ်နေတာကြောင့် အလုပ်သမားတွေမှာ အနားယူချိန် မလုံလောက်ဘဲ ကျန်းမာရေးထိခိုက်မှုတွေ ကြုံနေရတယ်လို့ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။

“ညအချိန်မတော်မှ အိမ်ပြန်ရောက်တယ်၊ နောက်နေ့မနက်ကျတော့လည်း စောစောထပြီး အလုပ်ပြန်လာရတယ်။ လူလည်း မနားရတော့ဘူး။ ဒီလိုမျိုး ဆက်တိုက်ဆိုတော့ အလုပ်သမားတွေမှာ ဘယ်လိုမှ အဆင်မပြေတော့ဘူး၊ အလုပ်မဆင်းနိုင်တော့တဲ့အထိ ဖြစ်နေကြပြီ” လို့ သူက ဆိုပါတယ်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ပြုလုပ်ပါက စက်ရုံဘက်က တစ်ရက်၊ နှစ်ရက်ခန့်သာ OT လျှော့ချပေးပြီး နောက်ပိုင်းမှာ အချိန်ပိုတွေ ပြန်လည်ခေါ်ယူလေ့ရှိတယ်လို့လည်း သိရပါတယ်။

Fugar Garment စက်ရုံဟာ အမေရိကန်ဈေးကွက်ကို အဓိကတင်ပို့နေတဲ့ Wax Jean အမှတ်တံဆိပ် ဘောင်းဘီတွေကို ချုပ်လုပ်ပေးနေတဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။

နိုင်ငံတကာအမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတဲ့ စက်ရုံတစ်ခုဖြစ်ပေမယ့် မြေပြင်မှာတော့ အလုပ်သမားတွေအပေါ် လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ရှိနေတယ်လို့ အလုပ်သမားသမဂ္ဂတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အလုပ်သမားတွေဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ်နိုင်ဖို့နဲ့ ဥပဒေမဲ့ ဖိအားပေးခိုင်းစေမှုတွေ ရပ်တန့်နိုင်ဖို့ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ကူညီပေးနိုင်တဲ့ နေရာတွေကို ဆက်သွယ်အကူအညီ တောင်းခံနေရတယ်လို့ သိရပါတယ်။

Related News

Most Read