၁၅ မေ ၂၀၂၆ | New Day Myanmar
မြန်မာ့လက်ရွေးစင်အသင်းကနေ နှုတ်ထွက်သွားခဲ့တဲ့ တိုက်စစ်မှူး မောင်မောင်လွင်ဟာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခဲ့မိတာဖြစ်တယ်လို့ ဝန်ခံလာပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ရဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ထံ အယူခံလွှာ တင်သွင်းထားတယ်လို့ ဒီကနေ့ မေ ၁၅ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။
မောင်မောင်လွင်ဟာ ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီ ပွဲစဉ်တစ်ခုအတွင်း ပွဲကြည့်ပရိသတ် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖွဲ့ချုပ်ဘက်က ပြစ်ဒဏ်ချမှတ်ခဲ့ရာကနေ လက်ရွေးစင်အသင်းက နှုတ်ထွက်ကြောင်း လူမှုကွန်ရက်မှာ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့ကြောင်း ပြန်လည်ဝန်ခံလာပြီး ခဏတာ စိတ်လိုက်မာန်ပါ ဖြစ်ခဲ့မိတာကို နားလည်ပေးဖို့နဲ့ အမိနိုင်ငံအတွက် ပြန်လည်တာဝန်ထမ်းဆောင်ချင်တယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။
“ခဏတာ စိတ်ခံစားချက်နောက် လိုက်မိတာကြောင့် အရင်က ဆုံးဖြတ်ချက်ကို စိတ်လိုက်မာန်ပါ ချမှတ်ခဲ့မိပေမဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ကိုယ်စားပြုရတဲ့ ဂုဏ်ယူမှုမျိုးနဲ့ ဘာနဲ့မှ မနှိုင်းယှဉ်နိုင်ဘူးဆိုတာကို အခု ကျနော် နားလည်သဘောပေါက်သွားပါပြီ။ ဒီလို ဂုဏ်ယူဝင့်ကြွမှုမျိုးဟာ ဘယ်အရာနဲ့မှ အစားထိုးလို့ မရနိုင်ပါဘူး” လို့ သူက ရေးသားထားပါတယ်။
ဒါ့အပြင် အယူခံတင်ပြထားတဲ့ ကိစ္စကို အယူခံကော်မတီအနေနဲ့ အကောင်းဆုံး ပြန်လည်သုံးသပ်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဘက်က အယူခံဝင်ထားတဲ့အပေါ် တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးသလို ပြန်လည်လက်ခံမခံဆိုတာကိုလည်း အသိပေးထားခြင်း မရှိသေးပါဘူး။
မြန်မာ့လက်ရွေးစင်အသင်းရဲ့ အမာခံပရိသတ်တွေကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် နားလည်ပေးကြဖို့နဲ့ နိုင်ငံဂုဏ်ဆောင် ကစားသမားတစ်ဦးအနေနဲ့ အသင်းမှာ ပြန်လည်မြင်တွေ့လိုကြောင်း လူမှုကွန်ရက်မှာ မှတ်ချက်ပေးနေကြပါတယ်။


