၇ မေ ၂၀၂၆ | New Day Myanmar
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးကို အရင်ဆွေးနွေးပြီး နျူကလီးယားကိစ္စကို နောက်မှထားဖို့ဆိုတဲ့ အီရန်ရဲ့ တောင်းဆိုချက်ကို အမေရိကန်ဘက်က လက်ခံဖို့ ရှိနေတယ်လို့ Reuters နဲ့ Axios သတင်းတွေမှာ ဖော်ပြထားပါတယ်။
အီရန်နဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ဖို့အတွက် နှစ်ဖက်ကြား နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ နီးကပ်လာနေပြီး အမေရိကန်ဘက်က အီရန်ရဲ့ တောင်းဆိုချက်အချို့ကို လိုက်လျောပေးလာတဲ့ အခြေအနေတွေ ပေါ်လာနေပါတယ်။
ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနောက်ပိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေကို လိုက်ပါပို့ဆောင်ပေးမယ့် “Project Freedom” စစ်ဆင်ရေးကို ယာယီရပ်နားထားလိုက်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း အီရန်အပေါ် လေကြောင်းနဲ့ ရေတပ်ထိုးစစ်ဆင်ခဲ့တဲ့ “Epic Fury” စစ်ဆင်ရေးဟာ အဓိကရည်မှန်းချက်တွေ ပြီးဆုံးသွားပြီလို့ ကြေညာထားပါတယ်။
အီရန်ဘက်ကတော့ ရက်ပေါင်း ၃၀ အတွင်း စစ်ပွဲအဆုံးသတ်ရေး၊ ရေတပ်ပိတ်ဆို့ထားတာတွေ ဖယ်ရှားပေးရေးနဲ့ ပိတ်ဆို့ခံထားရတဲ့ အီရန်ပိုင်ငွေကြေးတွေ ပြန်လည်ထုတ်ပေးရေးတို့ကို တောင်းဆိုထားပါတယ်။
ဒါပေမယ့် နျူကလီးယားဆွေးနွေးမှုတွေကိုတော့ လက်ရှိအဆင့်မှာ ထည့်သွင်းဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတိအလင်း ပြောထားကြောင်း Reuters က ဖော်ပြပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ အခုလို အမေရိကန်ဘက်က လိုက်လျောလာတာဟာ နျူကလီးယားကိစ္စနဲ့ စစ်ပွဲအဆုံးသတ်ရေးကို တပြိုင်နက်တည်း ဖြေရှင်းဖို့ မဖြစ်နိုင်တော့တာကို လက်ခံလိုက်တဲ့ သဘောဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒါပေမယ့် ဟော်မုဇ်ရေလက်ကြားကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး နှစ်ဖက်ကြား သဘောထားကွဲလွဲမှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် မေလ ၁၄ ရက်နေ့မှာ ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံကို သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
အဲဒီခရီးစဉ်မတိုင်ခင် အီရန်နဲ့ အမေရိကန်ကြား ကနဦးသဘောတူညီချက်တစ်ရပ် ရရှိလာနိုင်မလားဆိုတာကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။


