၆ မေ ၂၀၂၆ | New Day Myanmar
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဂျောင်-နိုအယ် ဘာရို ဦးဆောင်တဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ ဩစတေးလျသံရုံး တို့က ထပ်မံတောင်းဆိုလိုက်ကြပါတယ်။
မေလ ၄ ရက်နေ့က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျောင်-နိုအယ် ဘာရိုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုကင်မ်အဲရစ် နဲ့ တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြင်သစ်နိုင်ငံအနေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ရရှိမှုရှိ/မရှိ စတဲ့ အခြေအနေတွေကိုလည်း အသေးစိတ် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးကလည်း မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ ရှေ့နေတွေနဲ့ ဆုံခွင့်ပေးဖို့နဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝရရှိစေဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
ကိုကင်မ်အဲရစ်ကတော့ NPR နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း “ကျွန်တော့်မိခင်ကို နောက်ထပ်တစ်ကြိမ်လောက်တော့ ပြန်တွေ့ခွင့်ရချင်ပါသေးတယ်” လို့ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။
မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေအပေါ် စိုးရိမ်ပူပန်နေရတဲ့ သားတစ်ဦးရဲ့ ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ နိုင်ငံတကာဖိအားပေးတောင်းဆိုမှုတွေဟာလည်း ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။


