Homeပြည်တွင်းသတင်းလွတ်ငြိမ်းခွင့်ကို ကြိုဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အရေးကြီးဟု အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်ဆို

လွတ်ငြိမ်းခွင့်ကို ကြိုဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး အရေးကြီးဟု အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်ဆို

၂၀ ဧပြီ ၂၀၂၆ | New Day Myanmar

မြန်မာ့နှစ်သစ်ကူးအနေနဲ့ အကျဉ်းသားထောင်ချီကို လွတ်ငြိမ်းခွင့်ပေးတာကို ကြိုဆိုပေမဲ့ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးဟာ အရေးကြီးဆုံးအချက်ဖြစ်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ လွတ်ငြိမ်းခွင့်ရသူထောင်ချီထဲမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ သမ္မတဟောင်း ဦးဝင်းမြင့် ပါဝင်လာတာကို မှတ်သားကြောင်း ပြောထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

ဒါ့အပြင် အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ကို အထူးအလေးထား တောင်းဆိုထားတာလည်း တွေ့ရပါတယ်။

ဖိလစ်ပိုင်ဘက်က ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးမှုဟာ မြန်မာနိုင်ငံမှာ အမျိုးသားဆွေးနွေးပွဲတွေ တိုးတက်လာဖို့နဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း လွတ်ငြိမ်းကြောင့် သမ္မတဟောင်း ဦးဝင်းမြင့် လွတ်မြောက်လာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး နေပြည်တော်ဘက်က သတင်းတစ်စုံတစ်ရာ မထုတ်ပြန်သေးတာကြောင့် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်အဲရစ် ခေါ် ကိုထိန်လင်း ကလည်း မိခင်ဖြစ်သူ အသက်ရှင်နေသေးတယ်ဆိုရင် သက်ရှိထင်ရှားရှိကြောင်း အထောက်အထားပြဖို့ ဧပြီ ၁၅ ရက်မှာ တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဆက်လက် တောင်းဆိုနေကြပေမဲ့ နေပြည်တော်ဘက်ကတော့ အချက်အလက်တွေကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး