၁၈ ဧပြီ ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံကို ရုရှားနိုင်ငံကနေ ရေနံနဲ့ စက်သုံးဆီ ထုတ်ကုန်တွေ တင်သွင်းနိုင်ရေးအပါအဝင် လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်ဖို့အတွက် မြန်မာနိုင်ငံ အာဏာသိမ်း သမ္မတမင်းအောင်လှိုင်လက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေအဖွဲ့ (RC Investments) တို့ကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
မင်းအောင်လှိုင်လက်အောက်ခံ စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၁၆ ရက်မှာ ရုရှားစွမ်းအင်ဝန်ကြီးဌာန စီစဉ်မှုနဲ့ ရုရှားကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး LNG၊ LPG၊ မြေဩဇာ၊ ရေနံစိမ်းနဲ့ စက်သုံးဆီ ထုတ်ကုန်တွေ တင်ပို့နိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်တပ်ရဲ့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
နှစ်ဖက်စလုံးက ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံပြီး သင့်တင့်တဲ့ ဈေးနှုန်းတွေ၊ အရည်အသွေး အာမခံချက်၊ လုံခြုံစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ရေရှည်ထောက်ပံ့နိုင်ရေးတွေကို ဆွေးနွေးခဲ့ပြီး လက်ရှိပူးပေါင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံရဲ့ Inter RAO ကုမ္ပဏီနဲ့လည်း တွေ့ဆုံပြီး ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ ရေနံချက်စက်ရုံနဲ့ LNG လက်ခံစခန်းတွေ တည်ဆောက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ဂတ်စ်တာဘိုင်တွေနဲ့ အင်ဂျင်တွေကို အဆင့်မြှင့်တင်ရေး၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ နည်းပညာသင်တန်းတွေ ပေးအပ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ယခုလက်မှတ်ရေးထိုးမှုအပြင် ရင်းနှီးမြှုပ်နှံမှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းမှုတွေ ပိုမိုကျယ်ပြန့်စေရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကိုလည်း မကြာမီ လက်မှတ်ရေးထိုးသွားမယ်လို့ စစ်တပ်မီဒီယာတွေက သတင်းဖော်ပြပါတယ်။


