၁၈ ဧပြီ ၂၀၂၆ | New Day Myanmar
ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ (UMMIUC) က တအာင်းပြည်ကျန်းမာရေးကောင်စီ Ta’angland Health Council (THC) နဲ့ Tealand Medical School တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းလိုက်ကြောင်း ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါဆုံးဖြတ်ချက်ဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် ထောက်ခံကြိုဆိုခဲ့တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုံ့ချမှုအနေနဲ့ ချမှတ်ခဲ့တာဖြစ်တယ်လို့ UMMIUC က ပြောပါတယ်။
UMMIUC ဟာ တော်လှန်ရေးကာလအတွင်း ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေ မြှင့်တင်နိုင်ဖို့ THC နဲ့ ပူးပေါင်းပြီး Tealand Medical School ပေါ်ပေါက်လာရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် PSLF/TNLA ရဲ့ လက်ရှိလုပ်ရပ်ဟာ ပြည်သူတွေရဲ့ ပေးဆပ်မှုတွေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆန္ဒတွေကို မလေးစားဘဲ တော်လှန်ရေးအခြေခံမူဝါဒတွေကို သစ္စာဖောက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် UMMIUC အနေနဲ့ PSLF/TNLA လက်အောက်ခံ THC နဲ့ Tealand Medical School တို့နဲ့ ဆောင်ရွက်နေတဲ့ ပူးပေါင်းလုပ်ငန်းစဉ်တွေကို အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပျောက်ကွယ်သွားတဲ့အထိ ပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာ Ta’ang Land Education Council (TLEC) ကလည်း PSLF/TNLA ရဲ့ ကြိုဆိုဂုဏ်ပြုစာဟာ အဖွဲ့တစ်ခုလုံးရဲ့ တရားဝင်ရပ်တည်ချက်မဟုတ်ဘဲ တစ်ဦးချင်းဆိုင်ရာ သဘောထားသာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးဆေးရုံမိသားစုကလည်း PSLF/TNLA ရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချထားပြီး PSLF/TNLA နဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို သပိတ်မှောက်ဆန့်ကျင်သွားမယ်လို့ ကြေညာထားပါတယ်။
တော်လှန်ရေးဆေးရုံမိသားစုဟာ PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ၂၀၂၁ သြဂုတ်လကစပြီး ယနေ့အထိ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးဆောင်နေခဲ့တာဖြစ်ပါတယ်။
ပုံစာ – ကျောက်မဲမြို့ကို TNLA ထိန်းချုပ်ထားစဉ်က ကျောက်မဲဲ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုဲးကျဲတိုက်ခိုက်အပြီး မြင်ကွင်း


