၁၇ ဧပြီ ၂၀၂၆ | New Day Myanmar
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ် ၂၇ နှစ်အနက် ၄ နှစ်ခွဲသာ လျေကို လျှော့ပေါ့ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ပြောကြောင်း The Independent သတင်းဌာနက ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကာလထဲက ၄ နှစ်နဲ့ ၆ လကို လျှော့ပေါ့ပေးခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို ဘယ်လို ဆက်လက်ကျခံရမလဲဆိုတာကိုတော့ မရှင်းလင်းသေးပါဘူး။ နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထားရှိမလားဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
အသက် ၈၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း မတရားဖမ်းဆီးခံခဲ့ရပြီး သူမရဲ့ အစိုးရ ဖယ်ရှားခံခဲ့ရပြီးနောက် စွဲဆိုထားတဲ့ အမှုအများကြီးအတွက် စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
သူမအပေါ် စွဲဆိုထားတဲ့ ဆူပူအောင်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မတရားမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်မှုတွေဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပါတယ်။
သူမကို ဖမ်းဆီးထားချိန်ကစပြီး အခုချိန်အထိ ဘယ်နေရာမှာ ထားရှိတယ်ဆိုတာလည်း မသိရသေးပါဘူး။
နေပြည်တော်က လာတဲ့သတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ပြန်လည်း ပို့ဆောင်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။


