Homeပြည်တွင်းသတင်းကုလသမဂ္ဂတွင် အီးယူ တင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို စစ်ကော်မရှင် ပယ်ချ

ကုလသမဂ္ဂတွင် အီးယူ တင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို စစ်ကော်မရှင် ပယ်ချ

၂ ဧပြီ ၂၀၂၆ | New Day Myanmar

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဥရောပသမဂ္ဂ (EU) က တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို စစ်ကော်မရှင်က ပယ်ချလိုက်တယ်လို့ ဧပြီ ၂ ရက်နေ့မှာ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကော်မရှင်က အဲ့ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ ပါဝင်ခွင့်မရှိဘဲ ဆွေးနွေးဆုံးဖြတ်ထားတာဖြစ်ပြီး မျှတမှုမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် မြေပြင်အခြေအနေမှန်ကို မထင်ဟပ်ဘဲ ဆန့်ကျင်ဖက်အဖွဲ့အစည်းတွေက ပေးတဲ့ အချက်အလက်တွေကိုသာ အခြေခံထားတာကြောင့် ဘက်လိုက်မှုရှိတယ်လို့လည်း ဝေဖန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ဘက်လိုက်မှုကင်းစွာ သုံးသပ်နိုင်မှု မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က အဲ့ဒီလို ဆုံးဖြတ်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ထိပါးနှောင့်ယှက်မှုဖြစ်တယ်လို့ ဆိုပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေအဖြစ် ကန့်ကွက်ပယ်ချထားပါတယ်။

စစ်ကော်မရှင်က မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို “မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်” နဲ့သာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောထားပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးစေနိုင်တဲ့ မည်သည့် ဖိအားပေးမှုနဲ့ စွက်ဖက်မှုမျိုးကိုမဆို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၆၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ကနေ မတ် ၃၁ ရက်ထိ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပြီး အဲ့ဒီအစည်းအဝေးအတွင်း ဥရောပသမဂ္ဂက မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို တင်သွင်းခဲ့ပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်ကြောင်း ဖော်ပြထားပြီး တာဝန်ယူမှုရှိစေရန်နဲ့ အရပ်သားတွေကို ကာကွယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ယူကေနိုင်ငံ သံအမတ် Eleanor Sanders က“မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေဟာ အလွန် ဆိုးရွားပြီး အရေးပေါ် အခြေအနေများထဲမှ တစ်ခုအဖြစ် ကျွန်မတို့ရဲ့ လုပ်ငန်းစဥ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ဒီအခြေအနေကို လစ်လျူရှုထားလို့ မရပါဘူး။” လို့ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး