၂၉ မတ်လ ၂၀၂၆ | New Day Myanmar
မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အကြီးအကျယ် ခိုးယူနေတဲ့ အကျင့်ပျက်ခြစားမှုယန္တရားရဲ့ ထိပ်ဆုံးမှာ ရှိနေပြီး အဲ့ဒီအကျိုးအမြတ်တွေက သူ့ရဲ့ သားသမီးတွေဆီ စီးဆင်းနေတယ်လို့ Justice For Myanmar က ပြောပါတယ်။
Justice For Myanmar ရဲ့ ဖော်ပြချက်အရ မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်တို့ဟာ ဖခင်ရဲ့ ရာထူးအာဏာ၊ စစ်တပ်ရဲ့ လက်ဝါးကြီးအုပ်ထားမှုနဲ့ အဂတိလုပ်ငန်းစဉ်တွေကနေ အကျိုးအမြတ်ရတဲ့ စီးပွားရေးလုပ်ငန်းအများအပြားမှာ ပါဝင်ပတ်သက်နေကြပါတယ်။
အောင်ပြည့်စုံဟာ A&M Mahar Co. Ltd.၊ Bhone Myat Pyae Sone Trading Co. Ltd.၊ Nyein Chan Pyae Sone Manufacturing & Trading Co. Ltd. တို့လို ကုမ္ပဏီတွေကို လုပ်ကိုင်နေသလို ချောင်းသာက Azura Beach Resort ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့ရင်ပြင်ထဲမှာ Yangon Gallery နဲ့ Yangon Restaurant တို့ကို ဖွင့်လှစ်ခဲ့ပြီး စျေးကွက်တန်ဖိုးထက် အများကြီးနည်းတဲ့ ငှားရမ်းခနဲ့ လုပ်ကိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Justice For Myanmar က အောင်ပြည့်စုံရဲ့ ဇနီး မျိုးရတနာထိုက်ဟာလည်း Stellar Seven Co. Ltd. ကို လုပ်ကိုင်နေပြီး မင်းအောင်လှိုင်မိသားစုရဲ့ စီးပွားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။
ခင်သီရိသက်မွန်ဟာလည်း Pinnacle Asia Co. Ltd.၊ Seventh Sense Co. Ltd. နဲ့ One Wellness Co. Ltd. တို့လို လုပ်ငန်းတွေမှာ ပါဝင်ခဲ့ပြီး စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးကွင်းဆက်တွေကနေ အကျိုးအမြတ် ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Justice For Myanmar ရဲ့ အဆိုအရ Pinnacle Asia ဟာ စစ်တပ်ပိုင်ဆက်သွယ်ရေးလုပ်ငန်း Mytel နဲ့ ဆက်နွယ်တဲ့ တာဝါတိုင်တည်ဆောက်ရေး စာချုပ်တွေ ရယူဖို့ ရည်ရွယ်ထားတဲ့ လုပ်ငန်းဖြစ်နိုင်ပြီး Seventh Sense ကတော့ ဝါဒဖြန့်ချိရေးဆန်တဲ့ မီဒီယာထုတ်လုပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၁ ခုနှစ် မတ်လမှာ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး A&M Mahar၊ Sky One Construction၊ Yangon Restaurant၊ Yangon Gallery၊ Everfit (လက်ရှိ One Wellness) နဲ့ Seventh Sense တို့ကိုပါ ပိတ်ဆို့ခဲ့ပါတယ်။
Justice For Myanmar ကတော့ မင်းအောင်လှိုင်မိသားစုဟာ အကျင့်ပျက်ခြစားမှုက ရလာတဲ့ ငွေတွေကို ထိုင်းနိုင်ငံမှာ တန်ဖိုးကြီး အိမ်ခြံမြေဝယ်ယူရာမှာလည်း အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
အောင်ပြည့်စုံဟာ ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုမှာ နှစ်ထပ်ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ၂၀၁၇ ခုနှစ်မှာ ထိုင်းဘတ် သန်း ၂၀ နဲ့ ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်မှာ မင်းအောင်လှိုင်မိသားစုဝင်တွေဟာ ဘန်ကောက်မှာ ဘတ် ၉၈ သန်း တန် ဇိမ်ခံအိမ်ရာတစ်လုံးကို ဝယ်ယူခဲ့ပြီး အဲ့ဒီဝယ်ယူမှုကို မျိုးရတနာထိုက်ရဲ့ အမည်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ Justice For Myanmar က ဖော်ပြထားပါတယ်။
အဲ့ဒီလို ဝယ်ယူရာမှာ ထိုင်းဥပဒေအရ နိုင်ငံခြားသား မြေပိုင်ခွင့်ကန့်သတ်ချက်ကို ရှောင်လွှဲနိုင်ဖို့ ကြားခံကုမ္ပဏီတစ်ခု အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။
Justice For Myanmar က မျိုးရတနာထိုက်ကိုပါ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ ဩစတြေးလျတို့က အရေးယူပိတ်ဆို့ဖို့ တောင်းဆိုထားပြီး ထိုင်းအပါအဝင် အခြားနိုင်ငံအစိုးရတွေ အနေနဲ့ မင်းအောင်လှိုင်မိသားစုရဲ့ ငွေကြေးခဝါချမှုနဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးကာ တရားစွဲအရေးယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
Justice For Myanmar ကတော့ မင်းအောင်လှိုင်နဲ့ သူ့မိသားစုဝင်တွေဟာ သူတို့ရဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် တာဝန်ခံရမယ်ဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်နေတဲ့ အခြေအနေကို အဆုံးသတ်ရမယ့်အချိန် ရောက်နေပြီလို့ ဆိုထားပါတယ်။


