၂၉ မတ် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံမှာ ဆီရှားပါးမှုတွေ ဖြစ်ပေါ်နေပြီး ပုံးတွေနဲ့ ဆီမရောင်းရန် ကန့်သတ်ချက်တွေ တင်းကြပ်လာတဲ့အခြေအနေမှာ သုဘရာဇာတစ်ဦးက ဆီဝယ်ဖို့ သေဆုံးသူရဲ့ ရုပ်အလောင်းပါ ယူလာခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ပရီချာ ဆိုတဲ့ အသက် ၄၈ နှစ်ရှိ သုဘရာဇာတစ်ဦးဟာ မီးသင်္ဂြိုဟ်လုပ်ငန်းအတွက် ဆီလိုအပ်နေပေမယ့် ဆီဆိုင်ဝန်ထမ်းတွေက ပုံးထဲကို ဆီဖြည့်ပေးဖို့ ငြင်းဆိုခဲ့တာကြောင့် သူက အဲ့လို လုပ်ခဲ့တာဖြစ်ပါတယ်။
သူက အဲဒီဆီဟာ သိုလှောင်ဖို့ မဟုတ်ဘဲ မီးသင်္ဂြိုဟ်လုပ်ငန်းအတွက်သာ အသုံးပြုမယ်လို့ ရှင်းပြခဲ့ပေမယ့် ဆိုင်ဝန်ထမ်းတွေက လက်မခံခဲ့တာကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကို အခေါင်းထဲထည့်ပြီး သင်္ဂြိုဟ်ယာဉ်နဲ့အတူ ၁၈ လီတာဆံ့ ပုံ ၃ လုံးကို ယူလာကာ ဆီကို မီးသင်္ဂြိုဟ်အတွက် အသုံးပြုမယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။
“ဒီနေ့ မီးသင်္ဂြိုဟ်ဖို့ တကယ်လိုအပ်တဲ့ ဆီပါ” လို့ သူက ပြောပြီး အခေါင်းကို ဆိုင်မှာ ဖွင့်ပြကာ ရုပ်အလောင်းရှိနေကြောင်း သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ဆိုင်ဝန်ထမ်းတွေက မန်နေဂျာနဲ့ ဆွေးနွေးပြီး ဆီရောင်းပေးဖို့ သဘောတူခဲ့ကြပါတယ်။
ပရီချာဟာ ဘန်ဘောင်းခရိုင် အမြန်လမ်း ၃၄၄ ပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ခုမှာ မီးသင်္ဂြိုဟ်လုပ်ငန်းကို တာဝန်ယူလုပ်ကိုင်နေသူဖြစ်ပါတယ်။
ပုံစာ – မီးသဂြိုလ်ရန် လောင်စာဆီလိုအပ်ကြောင်း သက်သေပြရန် ရုပ်အလောင်းကို ယူဆောင်လာပြီးနောက် ကားထဲက အခေါင်းကို ဓာတ်ဆီဆိုင်ဝန်ထမ်းတစ်ဦး စစ်ဆေးကြည့်ရှုနေစဉ်
ဓါတ်ပုံ – Khaosod English


