Homeပြည်တွင်းသတင်းငလျင်အပြီး တစ်နှစ်မှာ မြန်မာပြည်သူတွေ ထပ်ဆင့်ခက်ခဲမှုတွေ ကြုံနေရတယ်လို့ WFP သတိပေး

ငလျင်အပြီး တစ်နှစ်မှာ မြန်မာပြည်သူတွေ ထပ်ဆင့်ခက်ခဲမှုတွေ ကြုံနေရတယ်လို့ WFP သတိပေး

၂၈ မတ် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ်မတ်လက ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ပြီး တစ်နှစ်ပြည့်လာချိန်မှာ ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေတဲ့ လူမှုအသိုင်းအဝိုင်းတွေဟာ ထပ်မံခက်ခဲမှုတွေ ကြုံနေရပြီး ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းသစ်တွေကြောင့် အခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ ကုလသမဂ္ဂ အစားအသောက်အစီအစဉ် (WFP) က သတိပေးလိုက်ပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခရဲ့ သက်ရောက်မှုကြောင့် ဆီလောင်စာ၊ အစားအစာနဲ့ ဓာတ်မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာတာဟာ ပြန်လည်ထူထောင်နေတဲ့ မိသားစုတွေကို အစာအာဟာရချို့တဲ့မှုအန္တရာယ်နီးကပ်လာစေတယ်လို့ WFP က ပြောပါတယ်။

WFP ရဲ့ နောက်ဆုံး လေ့လာချက်အရ ငလျင်ပြီးနောက် ပြန်လည်ထူထောင်မှုဟာ မခိုင်မာသေးဘဲ စစ်ကိုင်းနဲ့ မန္တလေးဒေသတွေမှာ မိသားစု ၆ စုထဲက ၁ စုဟာ အလယ်အလတ်ကနေ ဆိုးရွားတဲ့ အစာအာဟာရမလုံလောက်မှုနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ မိသားစုတစ်ဝက်နီးပါးကလည်း နေ့စဉ် အခြေခံအစားအစာတွေကိုခက်ခက်ခဲခဲ ဖြည့်တင်းနေရတဲ့ အခြေအနေမှာ ရှိနေပြီး ထပ်ဆင့်ထိခိုက်မှုတွေကို မခံနိုင်တဲ့ အခြေအနေထိ ရောက်နေတယ်လို့ ဆိုပါတယ်။

WFP မြန်မာနိုင်ငံ တာဝန်ခံ Michael Dunford က”ငလျင်ကနေ အသက်ရှင်ကျန်ခဲ့တဲ့ လူတွေက ပြန်လည်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြပြီး အခုတော့ ထပ်မံထိခိုက်မှုတွေကြောင့် ပြန်လည်လဲကျနိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်” လို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ထိခိုက်လာပြီး မြန်မာနိုင်ငံတလွှား ဆီရှားပါးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေ မြင့်တက်လာပြီး အခြေခံအစားအစာဈေးနှုန်းတွေတောင် မိသားစုတွေအတွက် လက်လှမ်းမမီနိုင်တဲ့ အခြေအနေဖြစ်လာနေပါတယ်။

ဒါ့အပြင် မိုးရာသီစိုက်ပျိုးရေးအတွက် ပြင်ဆင်နေတဲ့ လယ်သမားတွေကိုလည်း ထိခိုက်စေပြီး ဓာတ်မြေဩဇာလိုအပ်ချက် တိုးလာနေချိန်မှာ ဈေးနှုန်းမြင့်တက်မှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်တွေဟာ မနှစ်ကထက် နှစ်ဆအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီလို ထပ်တိုးထိခိုက်မှုတွေဟာ ချင်း၊ ကချင်၊ ကယား၊ ရခိုင်၊ စစ်ကိုင်းနဲ့ ရှမ်းဒေသတွေလို စစ်ပွဲနဲ့ ငလျင်ဒဏ်နှစ်မျိုးလုံးခံထားရတဲ့ နေရာတွေမှာ ပိုမိုပြင်းထန်လာနိုင်ပြီး မြန်မာနိုင်ငံတစ်ဝန်း လူပေါင်း ၁၂.၄ သန်းနီးပါးက အစာအာဟာရချို့တဲ့မှု ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ WFP က သတိပေးပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း WFP ဟာ ငလျင်ဘေးသင့်သူ လူ ၅ သိန်းခန့်ကို အရေးပေါ်နဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေ ပေးနိုင်ခဲ့ပြီး လက်ရှိမှာတော့ အရေးပေါ်အကူအညီကနေ ရေရှည်တည်ငြိမ်မှုရရှိစေမယ့် လူမှုအသိုင်းအဝိုင်း ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ၂၀၂၆ ခုနှစ်အတွက် လူ ၁.၅ သန်းကို ကူညီနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁၅၀ သန်း လိုအပ်နေပြီး ရန်ပုံငွေ မလုံလောက်ပါက အရေးတကြီးလိုအပ်တဲ့ အကူအညီတွေကိုသာ ဦးစားပေးရမယ့်အခြေအနေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

“မြန်မာပြည်သူတွေဟာ စစ်ပွဲ၊ ရာသီဥတုဘေးအန္တရာယ်တွေ၊ ငလျင်နဲ့ အခု ကမ္ဘာလုံးဆိုင်ရာ ဆီအကျပ်အတည်းအထိ ဆက်တိုက် ရင်ဆိုင်နေရပါတယ်။ ငလျင်ပြီး တစ်နှစ်ပြည့်တဲ့ အချိန်မှာ သူတို့ကို ထပ်မံ လဲကျစေမယ့် အခြေအနေ မဖြစ်အောင် ကူညီပေးဖို့ လိုအပ်ပါတယ်” လို့ Dunford က ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး