၂၃ မတ်လ ၂၀၂၆ | New Day Myanmar
လာမယ့် ၂၀၂၆ ခုနှစ် မတ်လ ၂၈ ရက် စနေနေ့မှာ ကျရောက်မယ့် Earth Hour ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်နိုင်ရန် ထိုင်းအစိုးရက ပြည်သူတွေကို မီးတစ်နာရီ ပိတ်ဖို့ တိုက်တွန်းထားပါတယ်။
အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ Lalida Phoetwiwatthana က မတ်လ ၂၂ ရက်နေ့မှာ ပြောကြားရာမှာ Earth Hour ဟာ ကမ္ဘာကြီးပူနွေးလာမှု ပြဿနာကို သတိပြုမိစေဖို့နဲ့ မလိုအပ်တဲ့ စွမ်းအင်အသုံးပြုမှု လျှော့ချရေးအတွက် ရည်ရွယ်တဲ့ နိုင်ငံတကာ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ Nonthaburi နဲ့ Samut Prakan ဒေသတွေ အပါအဝင် မြို့တော်လျှပ်စစ်အာဏာပိုင်အဖွဲ့နဲ့ အခြားအဖွဲ့အစည်းများကလည်း ဒီကမ်ပိန်းကို ထောက်ခံအားပေးနေပြီး အိမ်၊ လုပ်ငန်းခွင်၊ ကျောင်း၊ တက္ကသိုလ်နဲ့ နေထိုင်ရာနေရာတွေမှာပါ ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
Earth Hour ၂၀၂၆ ကို မတ်လ ၂၈ ရက် ည ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တစ်နာရီကြာ ကျင်းပသွားမှာဖြစ်ပြီး အသုံးမပြုနေတဲ့ မီးနဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားကြဖို့ အစိုးရက တောင်းဆိုထားပါတယ်။
ဒီလှုပ်ရှားမှုဟာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရာမှာ အရေးကြီးတဲ့ သင်္ကေတတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးအတွက် လူထုပါဝင်မှုကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
Earth Hour ကို ၂၀၀၇ ခုနှစ်မှာ ဩစတြေးလျနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး စတင်ကာလကတည်းက လူပေါင်း ၂ သန်းကျော်နဲ့ လုပ်ငန်း ၂,၀၀၀ ကျော် ပါဝင်ခဲ့ပြီး စွမ်းအင်အသုံးပြုမှုကို ၁၀ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။


