Homeအထူးသတင်းဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုအပေါ် ထိုင်းအစိုးရ အီရန်ကို ပြစ်တင်၊ ထိုင်းနိုင်ငံသား ၃ ဦး ပျောက်ဆုံးနေ

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုအပေါ် ထိုင်းအစိုးရ အီရန်ကို ပြစ်တင်၊ ထိုင်းနိုင်ငံသား ၃ ဦး ပျောက်ဆုံးနေ

၁၂ မတ်လ ၂၀၂၆ | New Day Myanmar

ထိုင်းအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစ်စင်း အရှေ့အလယ်ပိုင်းဒေသ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းချိန် ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက အီရန်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကို ဆင့်ခေါ်ပြီး ထိုင်းကုန်တင်သင်္ဘော တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ ရှင်းလင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ထုတ်ပြန်ချက်အရ လိုက်ဘေးရီးယားအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘောတစ်စင်းနဲ့ Mayuree Naree ကုန်တင်သင်္ဘောတို့ဟာ သတိပေးချက်ကို လျစ်လျူရှုပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့တာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း သင်္ဘောပေါ်မှာရှိတဲ့ ထိုင်းနိုင်ငံသား ဝန်ထမ်း ၂၃ ဦးထဲက ၂၀ ဦးကို အိုမန်ကမ်းခြေစောင့်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရက အိုမန်ကမ်းခြေစောင့်တပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြားထားပြီး ပျောက်ဆုံးနေတဲ့ ကျန် ထိုင်းနိုင်ငံသား ၃ ဦးကို ဆက်လက်ရှာဖွေပေးဖို့ ထိုင်းတော်ဝင်ရေတပ်က တောင်းဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pandidone Pachimsawat က အခုဖြစ်ရပ်ဟာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့ စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ကုန်တင်သင်္ဘောပေါ်မှာ ပျောက်ဆုံးနေတဲ့ ထိုင်းနိုင်ငံသား ၃ ဦးဟာ အင်ဂျင်ခန်းထဲမှာ ပိတ်မိနေဖွယ်ရှိတယ်လို့ သင်္ဘောပိုင်ရှင် Precious Shipping ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေးဒါရိုက်တာ ခါလစ်ဟာရှင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ သင်္ဘောအနီးကို မည်သူမှ မသွားရောက်နိုင်သေးသလို ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး