Homeဆောင်းပါးအီရန်ပြီးရင် ကျူးဘား တဲ့လား

အီရန်ပြီးရင် ကျူးဘား တဲ့လား

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက အရှေ့အလယ်ပိုင်းအရေးနောက်ပိုင်း ကျူးဘားအပေါ် ဖိအားကို ထပ်မြှင့်လာပြီး၊ ဟာဗားနားအစိုးရကို စွမ်းအင်၊ စီးပွားရေးနဲ့ သံတမန်ရေးရာဘက်က တပြိုင်နက် ဖိအားပေးနေတဲ့ ပုံစံ ပိုပြီး ထင်ရှားလာပါတယ်။ ထရန့်က ကျူးဘားဟာ “မကြာခင် ပြိုလဲတော့မယ်” လို့ ပြောထားသလို၊ ကျူးဘားဘက်က သဘောတူညီချက် ရချင်စိတ် ပြင်းထန်နေတယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိ ဖိအားပေးမှုရဲ့ အဓိကထိုးနှက်ချက်က စွမ်းအင်ကဏ္ဍပါ။ ကျူးဘားကို အဓိက လောင်စာဆီ ထောက်ပံ့နေတဲ့ လမ်းကြောင်းတွေ အားနည်းသွားပြီးနောက် နိုင်ငံအတွင်း လောင်စာပြတ်လပ်မှု ပိုဆိုးလာခဲ့ပါတယ်။ ဒီလို ဖိအားကြောင့် မက္ကဆီကိုလို နိုင်ငံတွေကပါ ကျူးဘားဆီ လောင်စာဆီပို့ရေးကို ပြန်တွက်ရတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ သိရပါတယ်။

ဒီဖိအားရဲ့ အကျိုးသက်ရောက်မှုကို မတ်လအစောပိုင်း လျှပ်စစ်မီးပြတ်တောက်မှုကြီးက အထင်ရှားဆုံး ပြလိုက်ပါတယ်။ ကျွန်းရဲ့ အကြီးဆုံး Antonio Guiteras အပူလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရုတ်တရက် ရပ်တန့်သွားတာနဲ့ လောင်စာပြတ်လပ်မှု ပေါင်းသွားပြီး ကျူးဘားနိုင်ငံနေရာအများစုမှာ မီးပြတ်တောက်ခဲ့ပါတယ်။ အာဏာပိုင်တွေက နိုင်ငံလုံးဆိုင်ရာ မီးအားစနစ်ကို ပြန်ချိတ်နိုင်ပြီလို့ ပြောပေမယ့် ထုတ်လုပ်နိုင်စွမ်းက နည်းနေဆဲဖြစ်ပြီး လူမှုဘဝနဲ့ စီးပွားရေးကဏ္ဍတွေ ဆက်ပြီး ထိခိုက်နေပါတယ်။

ဒီအကျပ်အတည်းက လျှပ်စစ်မီးပဲ မဟုတ်ပါဘူး။ လောင်စာဆီ မလုံလောက်တာကြောင့် သယ်ယူပို့ဆောင်ရေး၊ ကုန်စည်ဖြန့်ဝေရေးနဲ့ ခရီးသွားလုပ်ငန်းတွေပါ ရိုက်ခတ်လာပါတယ်။ ကျူးဘားစီးပွားရေးဟာ ယခင်ကတည်းက အစားအစာ၊ ဆေးဝါး၊ လျှပ်စစ်နဲ့ နိုင်ငံခြားငွေ အခက်အခဲတွေ ရှိနေပြီးသားဖြစ်လို့ အခုလို စွမ်းအင်ဖိအားတိုးလာတာက ရှိပြီးသားပြဿနာတွေကို ပိုပြီး မြှောက်တင်လိုက်သလို ဖြစ်နေပါတယ်။

တစ်ဖက်မှာ ဝါရှင်တန်က ကျူးဘားအစိုးရကို ဖိအားပေးနေရင်း ပုဂ္ဂလိကကဏ္ဍကိုတော့ အနည်းငယ် လမ်းဖွင့်ပေးတဲ့ ပုံစံလည်း တွေ့ရပါတယ်။ အမေရိကန်ဘက်က ကျူးဘားရှိ ပုဂ္ဂလိက တင်သွင်းသူတွေထံ ဗင်နီဇွဲလားရေနံ ပြန်လည်ရောင်းချနိုင်ရေး လိုင်စင်ပေးမယ့် မူဝါဒ ထုတ်ပြန်ထားပြီး၊ ဟာဗားနားဘက်ကလည်း အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို လောင်စာတင်သွင်းခွင့် ပေးမယ်လို့ ပြောထားပါတယ်။ အစိုးရကို တင်းတင်းကျပ်ကျပ် ဖိထားပေမယ့် ပုဂ္ဂလိကကဏ္ဍကိုတော့ အကန့်အသတ်နဲ့ အသက်ရှင်ခွင့်ပေးထားတဲ့ “carrot and stick” ချဉ်းကပ်မှုလို မြင်ရပါတယ်။

မူဝါဒပိုင်းမှာလည်း ထရန့်အစိုးရက ကျူးဘားအပေါ် တင်းမာမှုကို ပြန်မြှင့်ထားပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ကျူးဘားကို “အကြမ်းဖက်မှုကို အားပေးထောက်ခံတဲ့ နိုင်ငံ” စာရင်းထဲ ပြန်ထည့်ခဲ့ပြီး၊ နောက်ပိုင်းမှာပါ အရေးယူမှုအသစ်တွေ ဆက်တိုးလာနိုင်တယ်လို့ ဟာဗားနားရှိ အမေရိကန်ဘက်က အချက်ပြထားပါတယ်။ ကျူးဘားအစိုးရဘက်ကတော့ ဒီလုပ်ရပ်တွေဟာ သူတို့ရဲ့ ပြည်တွင်းရေးကို ဖိအားပေးဝင်ရောက်စွက်ဖက်တာလို့ တုံ့ပြန်ထားပါတယ်။

အခုအခြေအနေကို ခြုံကြည့်ရင် ထရန့်အစိုးရရဲ့ ကျူးဘားမဟာဗျူဟာက ရိုးရိုးအရေးယူမှုမဟုတ်တော့ဘဲ စွမ်းအင်လမ်းကြောင်းကို ဖိ၊ စီးပွားရေးကို ကျပ်၊ သံတမန်ရေးဖိအားကို တိုးပြီး အစိုးရကို ညှိနှိုင်းစားပွဲပေါ် ဆွဲတင်ဖို့ ကြိုးစားနေတဲ့ ပုံစံ ပိုပြီး ရှင်းလာပါတယ်။ ဒါပေမယ့် ဒီဖိအားက ဟာဗားနားကို တကယ် လိုက်လျောညှိနှိုင်းလာစေမလား၊ သို့မဟုတ် ပြည်သူတွေအပေါ် လူမှုစီးပွားဒဏ်ကိုပဲ ပိုပြီးနက်နက်ရှိုင်းရှိုင်း ချန်ထားသွားမလားဆိုတာကတော့ ရှေ့လာမယ့်ကာလမှာ အဆုံးအဖြတ်ပေးမယ့် အချက်ဖြစ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး