Homeပြည်တွင်းသတင်းရန်ကုန်မှာ အလှည့်ကျစနစ်နဲ့ ဓာတ်အားပြန်လည်ဖြတ်တောက်

ရန်ကုန်မှာ အလှည့်ကျစနစ်နဲ့ ဓာတ်အားပြန်လည်ဖြတ်တောက်

၃ ဖေဖော်ဝါရီ ၂၀၂၆

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေကို အုပ်စုခွဲပြီး အလှည့်ကျစနစ်နဲ့ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြတ်တောက်သွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ကစပြီး အုပ်စုနှစ်စုခွဲကာ နံနက် ၉ နာရီကနေ မွန်းလွဲ ၁ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိ တစ်ကြိမ်ဆိုပြီး အရေးပေါ်ဝန်အားလျှော့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေရတယ်လို့ YESC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အများပြည်သူသုံး Plan Load Shed ကိုလည်း တစ်ရက်ကို အုပ်စုအလိုက် ၄ နာရီနှုန်းနဲ့ အလှည့်ကျ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားမယ်လို့ သိရပါတယ်။

ဒီလို အလှည့်ကျမီးဖြတ်လာတာအပေါ် ရန်ကုန်မြို့နေပြည်သူတချို့ကတော့ နွေရာသီမရောက်ခင်ကတည်းက မီးပြတ်လာတာကို စိုးရိမ်နေကြပါတယ်။

“အခုက ၄ နာရီခြားတစ်ခါ ပြန်ဖြစ်သွားပြီ။ ဟိုရက်တွေက နေ့ညမခွဲဘဲ ပြတ်နေတယ်။ ဒီလိုပုံစံဆိုရင် နွေရာသီရောက်ရင် မီးဒုက္ခက ပိုဆိုးနိုင်တယ်” လို့ ရန်ကုန်မြို့နေသူတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ဘက်ကတော့ ရန်ကုန်မှာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးထားပြီး လျှပ်စစ်ပိုထုတ်နိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်မှု လျော့နည်းလာတာနဲ့ ဖျက်ဆီးမှုတွေကြောင့် အချိန်ပိုင်း အလှည့်ကျစနစ်နဲ့ မီးပေးနေရတာကို ဖြေရှင်းဖို့ ဒီစက်ရုံကို ဆောက်ထားတယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ ဇန်နဝါရီ ၁၄ ရက်မှာ စက်ရုံပြီးစီးပြီး တစ်ရက်ကို စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ်အထိ ထုတ်လွှတ်နိုင်ပြီလို့ ထုတ်ပြောခဲ့ပြီးနောက်ပိုင်းမှာတော့ လူနေရပ်ကွက်တွေဘက်မှာ အလှည့်ကျမီးပေးစနစ် ပြန်လည်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း နွေရာသီရောက်တိုင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ကြုံတွေ့နေရပေမယ့် နွေမတိုင်ခင် အခုလို အလှည့်ကျမီးဖြတ်လာတာအပေါ် ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး