Homeနိုင်ငံတကာသတင်းထိုင်းမှာ နီပါးဗိုင်းရပ်စ် သတိပေးချက်ထုတ်၊ လေဆိပ်တွေ စစ်ဆေးရေးတင်းကျပ်

ထိုင်းမှာ နီပါးဗိုင်းရပ်စ် သတိပေးချက်ထုတ်၊ လေဆိပ်တွေ စစ်ဆေးရေးတင်းကျပ်

၂၈ ဇန်နဝါရီ ၂၀၂၆

ထိုင်းနိုင်ငံအတွင်း သစ်သီးစားလင်းဆွဲအချို့မှာ သေဆုံးနှုန်း ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တဲ့ နီပါး (Nipah) ဗိုင်းရပ်စ်ပိုးကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ကျန်းမာရေးအရေးပေါ် သတိပေးချက်ကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ရောဂါပိုး ပြည်ပကနေ ဝင်ရောက်လာနိုင်ခြေကို ကာကွယ်ဖို့ သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနဲ့ ဖူးခက် လေဆိပ်တွေမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ ခရီးသည်တွေကို အထူးကြပ်မတ် စစ်ဆေးနေပြီး သံသယလက္ခဏာတွေ့ရင် ချက်ချင်း ခွဲခြားစောင့်ကြည့်ကာ ဆေးစစ်မှုလုပ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ထိုင်းကျန်းမာရေးဒုတိယအတွင်းဝန် ဒေါက်တာ Sophon Iamsirithaworn က လက်ရှိတွေ့ရှိထားတဲ့ နီပါးဗိုင်းရပ်စ်ဟာ “ဘင်္ဂလားဒေ့ရှ် မျိုးကွဲ” ဖြစ်ပြီး အဆုတ်နဲ့ ဦးနှောက်ရောင်ရမ်းမှုတွေကို ပြင်းထန်စေတတ်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း လင်းဆွဲတွေမှာ တွေ့ရတဲ့ ပိုးပမာဏက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာ တွေ့ရတဲ့ အခြေအနေထက် ၄၀ မှ ၅၀ ရာခိုင်နှုန်းခန့် နည်းနေသေးပေမယ့် သေဆုံးနှုန်းမြင့်မားတာကြောင့် အထူးသတိထားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

နီပါးဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ဒါမှမဟုတ် လူနာနဲ့ တိုက်ရိုက်ထိတွေ့မှသာ ကူးစက်တတ်ပြီး ကိုဗစ်လို လူအချင်းချင်း လွယ်လွယ် မကူးစက်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်ထိ ထိရောက်တဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်ရတဲ့ ရောဂါဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လင်းဆွဲတွေ ကျက်စားတဲ့ နေရာတွေကို ရှောင်ကြဉ်ဖို့၊ လင်းဆွဲကိုက်ထားတဲ့ သစ်သီးတွေ မစားဖို့၊ လင်းဆွဲတွေရှိတဲ့ ဒေသအနီးမှာ ဝက်မွေးမြူရေးခြံတွေ မဆောက်ဖို့ကို ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။ နီပါးရောဂါကူးစက်ရင် ဦးနှောက်ရောင်တာ၊ ဝက်ရူးပြန်လို တက်တာတွေ ဖြစ်နိုင်လို့ ကလေးငယ်တွေကို အထူးဂရုစိုက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံအတွင်း လင်းဆွဲကနေ လူကို တိုက်ရိုက်ကူးစက်တဲ့ ဖြစ်စဉ် (local transmission) ကို မတွေ့ရသေးပေမယ့် ခရီးသွားလာမှုများတဲ့ ပွင့်လင်းရာသီအတွင်း ကျန်းမာရေးသတိနဲ့ နေထိုင်ကြဖို့ ဒေါက်တာ Sophon က ထပ်မံ သတိပေးထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး