ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေက အွန်လိုင်းဘောလုံးလောင်းကစား လုပ်ကိုင်နေသူ ၂၇ဦးကို ဖော်ထုတ်ဖမ်းဆီး အရေး ယူခဲ့တယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါထားတယ်။
အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၀ ဦးစုစုပေါင်း ၂၇ဦးကို ဖမ်းမိခဲ့ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၄၉ လုံး၊ လက်ပ်တော့ ၂ လုံး၊ Tablet ၂ လုံး၊ မော်တော် ယာဉ် ၈ စီးတို့နဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲရပ် ကွက်၊ အမှတ် (၁၈၈) ရှိ Secret Villa Private Resort မှာ Ibet 789 Online ဘောလုံးလောင်း ကစား Website လုပ်ငန်းလုပ်ကိုင်နေသူတွေ ရောက်ရှိနေ ကြောင်း သတင်းအရ အောက်တိုဘာ ၁၄ ရက်
က ဝင်ရောက်ရှာဖွေခဲ့တာလို့ အသိပေးထားပါတယ်။
ဖမ်းဆီးရမိသူတွေအဖြစ် Super Senior Agent ဖြစ်သူ ယဉ်မင်းလှိုင် နဲ့ မာရီယာ (ခေါ်) မီးလေး၊ Senior Agent ဖြစ်သူ ဝင်းပပအောင် တို့ အပါအ ဝင် ၁၄ဦးကို လက်ကိုင်ဖုန်း ၂၃ လုံး၊ မော်တော်ယာဉ် ၃ စီးနဲ့ ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်အောက်တိုဘာ ၁၅ရက်နေ့က ရန်ကင်းမြို့ နယ်၊ ကျောက်ကုန်းရပ်ကွက်၊ ရတနာလမ်းရှိ The Lord စား သောက်ဆိုင်အနီး Super Senior Agent ဖြစ်သူ ဖြိုးမင်းသူ (ခေါ်) ရောင်နီ အပါအဝင်၃ဦးကို လက်ကိုင်ဖုန်း ၅ လုံး၊ မော်တော်ယာဉ် ၃ စီးနဲ့အတူ ထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို သိရပါတယ်။
ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ အောက်တိုဘာ ၁၆ ရက်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၁) ၊ ခေမာလမ်းရှိ နေအိမ်တစ်အိမ်မှာလည်း Ibet 789 Online ဘောလုံးလောင်းက စား လုပ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တဲ့ Super Senior Agent ဖြစ်သူ ဇင်မင်းအောင် (ခေါ်) ဇင်ကြီး အပါ အဝင် ၃ဦးကို လက်ကိုင်ဖုန်း ၇ လုံး၊ လက်ပ်တော့ ၁ လုံး၊ မော်တော်ယာဉ် တစ်စီးတို့နဲ့ အတူ မဟာအောင် မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်၊ လမ်း ၄၀၊ ၅၃ လမ်း နဲ့ ၅၄ လမ်းကြားရှိ Focus ဟိုတယ်မှာ Super Senior Agent ဖြစ်သူ ပြည့်ဖြိုးအောင် (ခေါ်) မင်းထက်၊ Agent ဖြစ်သူ မေမြတ်နိုး တို့ကို လက်ကိုင်ဖုန်း ၅ လုံး၊ လက်ပ်တော့ တစ်လုံး၊ မော်တော်ယာဉ် တစ်စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၀ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၁၂ ရပ်ကွက်၊ Eleven Minimart ရှေ့မှာ ခင်မောင်ဖြိုး (ခေါ်) ဇော်ဝင်း အပါအဝင် ငါးယောက်ကိုလည်း လက်ကိုင်ဖုန်း ၉ လုံး၊ Tablet ၂ လုံးနဲ့အတူ ထပ်မံဖော်ထုတ် ဖမ်း ဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ဖမ်းမိသူတွေကို စိစစ်ဖော်ထုတ်ချက်အရ Ibet 789 Online ဘောလုံးလောင်းကစား Website အပါ အဝင် Slot လောင်းကစား၊ Shan 234 ဖဲလောင်းက စား၊ 2D/3D လောင်းကစား Website စတဲ့ လောင်း ကစားလုပ်ငန်းတွေမှာ ကော် မရှင်စား Agent တွေ အဖြစ် လုပ်ကိုင်ခွင့် ရဖို့ လျှောက်ထားပြီးတော့သက် ဆိုင်ရာ လောင်းကစား ကြော်ငြာပုံတွေကို ကြော်ငြာပေးရကြောင်း၊ Agent လုပ်ကိုင်စဉ် User တွေ ပိုမိုရှာဖွေနိုင်ပါက Senior Agent အဖြစ် ပြောင်းလဲ လုပ်ကိုင်နိုင် ကြောင်း၊ Senior Agent လုပ်ကိုင်နေစဉ် ကော်မရှင် Agent တွေနဲ့ User တွေ ပိုမိုရှာဖွေနိုင်မယ်ဆိုရင် Super Senior Agent အဖြစ် ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း စိစစ်သိရတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။


