၅ ဧပြီ ၂၀၂၆ ၊ New Day Myanmar
လာမယ့် နှစ်ဆန်း ၁ ရက် အထွေထွေလွတ်ငြိမ်းမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီသတင်းကို New Day Myanmar က သီးခြား ဆက်လက် အတည်ပြုနေဆဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီ ၅ ရက်မှာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးဆောင်ရွက်မှုများ မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်ဘူးလို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
“ဒါက နိုင်ငံတော်အဆင့်ဆိုတော့ ဦးမင်းအောင်လှိုင်ပေါ်မှာ မူတည်တာပေါ့။ လွှတ်ပေးရင်တော့ အမျိုးသားသင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ကိုမြအေးတို့ရဲ့ PCB က ထုတ်ပြန်ချက်မှာလည်း ပါဝင်တယ်။ အဓိကကတော့ ဒီလိုအချိန်မှာ အမျိုးသားရင်ကြားစေ့ရေးကတော့ လိုအပ်နေတာ အမှန်ပဲ” လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက New Day Myanmar ကို မှတ်ချက်ပြုပြောပါတယ်။
စစ်ဗိုလ်ချုပ် မင်းအောင်လှိုင် သမ္မတဖြစ်လာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က သီးခြား မှတ်ချက်ပေးတာမျိုး မရှိသေးကြောင်းနဲ့ ထောင်ခါမယ့် သဘောမျိုးအထိ အကျဉ်းသား အများစုကို လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့လည်း Freedom News Group က ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ၁၁ ဦးမြောက် သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်မယ်လို့ ပြောဆိုထားတာလည်း ရှိနေတာကြောင့် လာမယ့် နှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းသားပေါင်း သောင်းနဲ့ချီတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်မှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပါ ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ပုံစာ – ၂၀၂၂ခုနှစ် ဒီဇင်ဘာလက စစ်အာဏာသိမ်း စစ်ကောင်စီရဲ့ တရားခွင်မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်


