၇ ဧပြီ ၂၀၂၆ | New Day Myanmar
မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်သူ မျိုးရတနာထိုက်ကို နိုင်ငံတကာအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်အရေးယူသင့်တယ်လို့ Justice for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
Justice for Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မင်းအောင်လှိုင် မိသားစုဟာ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် ဇိမ်ခံအိမ်ယာတစ်ခုကိုလည်း ဝယ်ယူထားပါတယ်။
အဆိုပါ အိမ်ယာဟာ ဘန်ကောက်မြို့ရှိ Issara Residence Rama 9 မှာ တည်ရှိပြီး ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited က ရောင်းချခဲ့တာဖြစ်ပြီး Emerald Princess Company Limited ထံ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
Emerald Princess ကုမ္ပဏီဟာ မင်းအောင်လှိုင် မိသားစုနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ အိမ်ယာကို မျိုးရတနာထိုက်ရဲ့ နာမည်နဲ့ ဝယ်ယူထားတာဖြစ်ပါတယ်။
မျိုးရတနာထိုက်ဟာ လက်ရှိအချိန်အထိ ဘယ်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့ခံထားရခြင်း မရှိသေးတာကြောင့် သူ့နာမည်ကို အသုံးပြုပြီး ပိုင်ဆိုင်မှုတွေ ဝယ်ယူတာဟာ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ ရည်ရွယ်ထားနိုင်တယ်လို့ Justice for Myanmar က ဆိုပါတယ်။
ဒါကြောင့် အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျတို့အနေနဲ့ မျိုးရတနာထိုက်ကိုပါ ထည့်သွင်းအရေးယူပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေအတွင်း ရှိနေတဲ့ ဟာကွက်တွေကို ပိတ်ပင်သင့်တယ်လို့ အဖွဲ့က တိုက်တွန်းထားပါတယ်။


