၃၁ မတ် ၂၀၂၆ | New Day Myanmar
နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဒုသမ္မတတွေကို ရွေးချယ်အတည်ပြုပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်မယ့် လမ်းကြောင်း ပိုမိုရှင်းလင်းလာတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ မဲပေးရွေးချယ်မှုမှာ ပြည်သူ့လွှတ်တော်ဘက်က မင်းအောင်လှိုင်ကို ထောက်ခံမဲ ၂၄၇ မဲနဲ့ ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်ဘက်ကတော့ ကြံ့/ဖွံ့ပါတီအမတ် ဒေါ်နန်းနီနီအေးကို ၁၁၇ မဲနဲ့ ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ဘက်က ဗိုလ်ချုပ်ကြီးဟောင်း ညိုစောကို ဒုသမ္မတအဖြစ် တင်မြှောက်လိုက်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။
အဲဒီလို ဒုသမ္မတ ၃ ဦးအဖြစ် မင်းအောင်လှိုင်၊ ဒေါ်နန်းနီနီအေးနဲ့ ညိုစောတို့ ထွက်ပေါ်လာပြီးနောက် လာမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီ ၃ ဦးထဲက တစ်ဦးကို သမ္မတအဖြစ် မဲခွဲရွေးချယ်မှာဖြစ်ပြီး ကျန်နှစ်ဦးက ဒုသမ္မတ(၁) နဲ့ ဒုသမ္မတ(၂) ဖြစ်လာမယ်လို့ သိရပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေအရ မင်းအောင်လှိုင်က သမ္မတ၊ ညိုစောက ဒုသမ္မတ(၁) နဲ့ ဒေါ်နန်းနီနီအေးက ဒုသမ္မတ(၂) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ပေါ်ထွက်နေပါတယ်။
မတ်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ဒုသမ္မတလောင်းတွေအဖြစ် ပြည်သူ့လွှတ်တော်မှာ မင်းအောင်လှိုင်နဲ့ ဒေါက်တာကျော်ဆွေ၊ အမျိုးသားလွှတ်တော်မှာ ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာ မနမ်တူးဂျာတို့ကို အမည်စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မဲရလဒ်တွေမှာ ဒေါက်တာကျော်ဆွေနဲ့ ဒေါက်တာမနမ်တူးဂျာတို့ဟာ ထောက်ခံမဲနည်းပြီး ဒုသမ္မတနေရာအတွက် မအောင်မြင်ခဲ့ကြပါဘူး။
နိုင်ငံရေးလေ့လာသူတွေကတော့ ဒီရွေးချယ်မှုတွေဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူဖို့ စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း ဆက်လက် လှုပ်ရှားနေတယ်လို့ သုံးသပ်ကြပြီး အခြားဒုသမ္မတလောင်းတွေကတော့ အခန်းကဏ္ဍပြည့်စုံစေရန်သာ ပါဝင်ထားနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။


