Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ကို အသက် ၁၀၀ ကျော်တဲ့အထိ စစ်တပ်က ထောင်ချထားဆဲဖြစ်တယ်လို့ သားဖြစ်သူ ပြော

ဒေါ်အောင်ဆန်းစုကြည်ကို အသက် ၁၀၀ ကျော်တဲ့အထိ စစ်တပ်က ထောင်ချထားဆဲဖြစ်တယ်လို့ သားဖြစ်သူ ပြော

၁၇ ဧပြီ ၂၀၂၆ | New Day Myanmar

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ်​ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်အဲရစ်က မိခင်ဖြစ်သူရဲ့ ထောင်ဒဏ်လျှော့ပေါ့ပေးမှုကို နိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းတဲ့ ဟန်ပြလုပ်ရပ်သာ ဖြစ်ပြီး အဓိပ္ပာယ်မရှိဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

သူက ထောင်ဒဏ် လျှော့ပေါ့ပေးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိအခြေအနေအရ အသက် ၁၀၀ ကျော်အထိ ထောင်ကျနေနိုင်တယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်ဘက်က မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၇ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ်ကို ၄ နှစ်ခွဲခန့် လျှော့ပေါ့ပေးခဲ့ပြီး လက်ရှိမှာတော့ စုစုပေါင်း ၂၂ နှစ်ခွဲခန့် ထောင်ဒဏ် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ကင်အဲရစ်က မိခင်ဖြစ်သူကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ထားပြီဆိုတဲ့ သတင်းတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောဆိုပါတယ်။ “ကျွန်တော် မိခင် လွတ်မြောက်တာကို မြင်ချင်ပါတယ်၊ သူမ ဘေးကင်းတယ်ဆိုတာ သိချင်ပါတယ်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်တာကိုလည်း မြင်ချင်ပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာမှုကို ကြိုဆိုပေမယ့် အဲဒီလို လွှတ်ပေးမှုတွေဟာ နိုင်ငံတကာဖိအား လျှော့ချဖို့နဲ့ စစ်ကော်မရှင်ရဲ့ ပုံရိပ်တိုးမြှင့်ဖို့ လုပ်ဆောင်တဲ့ နိုင်ငံရေးဗျူဟာတစ်ခုသာ ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ယခုလုပ်ဆောင်ချက်တွေဟာ စစ်မှန်တဲ့ ပြောင်းလဲမှုတစ်ခုဆီ မသွားနေဘဲ အပြင်ပန်းပုံစံသာ ပြောင်းလဲထားတာဖြစ်ပြီး အတွင်းပိုင်းမှာတော့ မပြောင်းလဲသေးဘူးလို့လည်း ကင်အဲရစ်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရပြီး အမှုပေါင်းများစွာနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချခံထားရသူဖြစ်ပါတယ်။ သူမအပေါ် စွဲဆိုထားတဲ့ အမှုတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်ဆောင်ထားတာလို့ ဆိုကြပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးသလို မိသားစုနဲ့ ဆက်သွယ်ခွင့်လည်း နှစ်ပေါင်းများစွာ မရရှိသေးဘူးလို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး