မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာမယ့်အကျိုးဆက်အပေါ် အဓိကတာဝန်ယူရမယ့် လူပုဂ္ဂိုလ်တွေရဲ့အမည်စာရင်းကို မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က ဒီကနေ့ ဇွန်(၂၈)မှာထုတ်ပြန် အသိပေးလာခဲ့ပါတယ်။
အဲ့ဒီသူတွေကတော့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အပြင် ဒုကာကွယ်ရေး ဦးစီးချုပ် စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်၊ပြည်ထဲ ရေးဝန်ကြီးဟောင်း ရာပြည့်၊ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဟောင်း ဇော်ဝင်း၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် မျိုးဆွေ၊ နေပြည်တော်အချုပ်ထောင် ထောင်ပိုင် ဦးသိန်းဇော်မောင်၊ ဒုထောင်ပိုင် ဦးကျော်သူရ၊ ဦးစီးအရာရှိ ဦးအောင်သန်းမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်မင်းထိုက်၊ ဦးစီးအရာရှိ သိင်္ဂီမြင့်၊ လက်ထောက်ကြီးကြပ်ရေးမှူး မေသူအောင် တို့ဖြစ်ပြီး အခြားပါဝင်ပတ်သက်တဲ့စစ်ခေါင်းဆောင်အလို ကျ ဆောင်ရွက်သူများလည်း များစွာရှိနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့ (၁၄) မိုင်အကွာ ကီလိုမီတာအားဖြင့် (၂၂.၅) ကီလိုမီတာအကွာအဝေးမှာရှိတဲ့ စစ်ဆင် ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့နေရာမှာ လုံခြုံ ရေးတင်းကြပ်စွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနေရာဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုံးထိုင်တဲ့နေရာအနီးက၊ ကစထ(၆)မှာ မတရားအကျဉ်းချထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ချုပ်နှောင်ထားသည့်နေရာကို ဒုဗိုလ်ချုပ်ကြီး အ ဆင့်ရှိသူတဲ့ သူတစ်ဦးက တာဝန်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ လတ်တလောခံစားနေရတဲ့ ရောဂါဝေဒနာများဟာသွားနဲ့ပတ်သက်တဲ့ဝေဒနာ၊ နှလုံးနဲ့ပတ် သက်သည့် ဝေဒနာ၊အသက်အရွယ်အရ သက်ကြီးပိုင်းမှာ ဖြစ်လေ့ရှိတဲ့ ကျန်းမာ ရေးဝေဒနာတွေကိုခံစားနေရတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ရောဂါဝေဒနာတွေအတွက် လုံလောကဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျ ကုသခွင့်မရရှိဘဲ ဆေးမီးတိုနည်းနဲ့ စစ်ကောင်စီခွင့်ပြုထားတဲ့ဆရာ ဝန် ၊ဆေးမှူးတွေနဲ့သာ ကုသနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကျဉ်းသားတစ်ဦးရဲ့ အခွင့် အရေးဖြစ်တဲ့ မိသားစုနဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်ကို မရရှိအောင် ပိတ်ပင်ခံထားရတဲ့ တစ်ဦးတည်းသော နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး၊ ယင်းမှာ ရည်ရည်ချက်ရှိရှိလုပ်ဆောင်နေတဲ့ စိတ်ပိုင်းဆိုင် ရာ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအချိန်အထိ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ် (၂၇)နှစ်အထိ ချမှတ်ခံထားရဆဲဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက မတရားချုပ်နှောင်ထားတာ၊ အကျဉ်း သားအခွင့်အရေးပယ်ဖျက်တာ၊ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းတာတွေအပေါ် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအနေနဲ့ပြင်းပြင်းထန်ထန် တုံ့ပြန်တာတွေ ပြုလုပ်ဖို့ တောင်းဆိုတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့က တိုက်တွန်းထားပါတယ်။


