အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာဘဲ အရပ်သားတွေကို တိုက်ခိုက်မှု လုပ်နေတဲ့ စစ်ကောင်စီကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်နေပြီလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောကြားလိုက်ပါတယ်။
NUG ရဲ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် – ၁၁/၂၀၂၅” ကို ဒီနေ့မှာ ထုတ်လွှင့်ခဲ့ရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
“အာဆီယံကထုတ်ပြန်ထားတဲ့ အချက် ၅ချက်မှာ ပထမအချက်ဖြစ်တဲ့ cessasation of violence ကို မလိုက်နာဘဲ မြန်မာနိုင်ငံအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေတဲ့ စစ်ကောင်စီက လိုက်နာဖို့ အာဆီယံအနေနဲ့ အရေးယူကြိုးပမ်းဆောင်ရွက်ပေးဖို့ အထူး လိုအပ်လာနေပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်။” လို့ သူကပြောပါတယ်။
ဒါ့အပြင် အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ စစ်ကောင်စီရဲ့ အတုအယောင် ဟန်ဆောင် လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေးအပေါ်မှာ ဆက်လက်ပြီး ယုံကြည်မှုပေးနေဖို့ မဖြစ်နိုင်တော့ပါ ဘူး။ လို့ လည်းသူကပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မြောက်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံတခုက တဖက်သတ် ဖိအားပေး ဆောင်ရွက်နေတာတွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေး နဲ့တည်ငြိမ်မှုတွက် အထောက်အကူ မဖြစ်စေနိုင်ဘူးလို့ အာဆီယံကို အသိပေးထားပါတယ်။