Homeပြည်တွင်းသတင်းမန္တလေးမှာ စစ်မှုထမ်းဥပဒေကြောင့် ၂ ပတ်အတွင်း လူငယ် ၁၂၂ ထက်မနည်းဖမ်းဆီးခံရ

မန္တလေးမှာ စစ်မှုထမ်းဥပဒေကြောင့် ၂ ပတ်အတွင်း လူငယ် ၁၂၂ ထက်မနည်းဖမ်းဆီးခံရ

၁၇ ဇန်နဝါရီ၊ ၂၀၂၅

မန္တလေးတိုင်းမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ၁၅ရက်အထိ ၂ ပတ် တာကာလအတွင်း စစ်မှုထမ်းဥပဒေကြောင့် မတရား ဖမ်းဆီးခံရသော လူငယ် ၁၂၂ ဦးထက်မနည်းရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုကနေ သိရပါတယ်။

ဒီစာရင်းဟာ မြေပြင်သတင်းမီဒီယာတွကို အခြေခံပြီး မန္တလေးမြို့ ၇ မြို့နယ်မှာ ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

ကောက်ယူထားတဲ့ စာရင်းတွေ အရ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အောင်မြေသာဇံမြို့နယ် ၁၉ ဦး၊ ချမ်းအေးသာဇံမြို့နယ် ၁၅ ဦး၊ မဟာအောင်မြေမြို့နယ် ၁၇ ဦး၊ ချမ်းမြသာစည်မြို့နယ် ၁၉ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၉ ဦး၊ အမရပူရမြို့နယ် ၁၈ ဦး၊ ပုသိမ်ကြီးမြို့နယ် ၁၅ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

“နေ့တိုင်းလိုလို လူငယ်တွေ ဖမ်းဆီးတာခံနေရတယ်။ ပေါ်တင် တမျိုး လမ်းမှာတွေ့လို့ ဖမ်းတာတမျိုး၊ အမျိုးမျိုးနဲ့ လူငယ်တွေပျောက်နေတာ၊အမျိုးသမီးငယ်လေးတွေလည်း ပျောက်တာတွေရှိတယ်။”လို့ မန္တလေး ဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးဖမ်းဆီးရာမှာ နေ့၊ ညအချိန်မရွေးဖမ်းဆီးတာ၊ ညအချိန်မတော် ဧည့်စာရင်းဥပဒေကိုအကြောင်းပြပြီး ဖမ်းဆီးတာ။ အလုပ်ပြန်လာတဲ့ အခြေခံလူတန်းစား လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကို အကြောင်းပြုပြီး ဖုန်းတွကိုစစ်ဆေးပြီး မတရားဖမ်းဆီးတာ၊ ငွေတောင်းတာတွေကို စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူငယ်တွေရော၊ ပြည်သူတွေအနေနဲ့ သတိရှိရှိနေထိုင်ကြဖို့ မန္တလေးသပိတ်အင်အားစုကက တိုက်တွန်းထားပါတယ်။

ဆက်စပ် သတင်းများ

Most read