၁၆ နိုဝင်ဘာ၊ ၂၀၂၄
စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ Mr. Alexey Sambuevich Tsydenovတို့ တက်ရောက်တဲ့ နေပြည်တော်မီးပုံးပျံပွဲမှာ “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” စာတမ်းချိတ်ဆွဲပြီး မီးပုံးပျံလွှတ်တင်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုဝင်ဘာ ၁၅ ရက် ညက ကျင်းပတဲ့ မီးပုံးပျံပွဲမှာ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ မြတ်ရောင်ခြည် စိန်နားပန် မီးပုံးပျံကို လွှတ်တင်ခဲ့ပြီး ကြာပန်းပုံနဲ့ ဘူရားတီးရားစာသားကို မီးပုံးရောင်စုံတွေနဲ့ ချိတ်ဆွဲထားတယ်လို့ သိရပါတယ်။
“လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုတဲ့ စာသားနဲ့ မီးပုံးပျံ မလွှတ်တင်ခင် နာရီပိုင်းအလိုမှာ စစ်ကောင်စီလေတပ်က ကျချင်ပြည်နယ်၊ ကုန်းလောရွာက စစ်ရှောင်ကလေးအများစုရှိနေတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်းကို လေကြောင်းက ဗုံးကြဲချတဲ့အတွက် ကလေး ၇ ဦးအပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီ့နေ့မနက်မှာပဲ ရခိုင်ပြည်နယ်၊ ဂျိုင်ကောက်ရွာကို လေတပ်က ဗုံးကြဲတဲ့အတွက် ကလေး ၁ ဦးအပါအဝင် ရွာသား ၇ ဦး သေဆုံးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့လက်ချက်နဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၅၉၄၅ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ – နိုဝင်ဘာ ၁၅ ရက်ညက မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနား
Photo – စစ်ကောင်စီ