Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ရှိတဲ့နေ့မှာ နေပြည်တော်လေဆိပ်မှာ ပေါက်ကွဲမှုဖြစ်

စစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ရှိတဲ့နေ့မှာ နေပြည်တော်လေဆိပ်မှာ ပေါက်ကွဲမှုဖြစ်

၅ နိုဝင်ဘာ၊ ၂၀၂၄

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို ထွက်ခွာတဲ့ ခရီးစဉ်ရှိတဲ့နေ့မှာ နေပြည်တော်အေလာလေဆိပ် လေယာဉ်ပြေးလမ်းမှာ ပေါက်ကွဲမှု ဖြစ်ပွားတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ဟာ ဒီနေ့ နိုဝင်ဘာလ ၅ ရက် နံနက် ၆ နာရီ ၃၀ မိနစ်မှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အသုံးမပြုဘဲ အေလာလေဆိပ်ကနေ MAI အထူးလေယာဉ် Airbus 319 -XYALK နဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ထွက်သွားပြီး နာရီပိုင်းအကြာ မနက် ၈ နာရီ ၂၀ မိနစ်မှာ နေပြည်တော် အေလာ လေယာဉ်ပြေးလမ်းနဲ့ကားလမ်းကြားမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်လော်ဘီချန်နယ် KRPL က ဖော်ပြပါတယ်။

နောင်ထပ် စစ်ကောင်စီဝါဒဖြန့် သတင်းချန်နယ် People Media က ဒီနေ့ မနက် ၈ နာရီ ၁၅ မှာ အေလာ လေတပ်စခန်းကို လာရောက်တိုက်ခိုက်တဲ့ Fix Wing Drone နှစ်ခုကို လေဆိပ်ပြင်ပမှာ ပစ်ချနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်ဝန်ကြီးချုပ် Li Qiang က နိုဝင်ဘာလ ၆ ရက်နဲ့ ၇ရက်မှာ ကျင်းပမယ့် မဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားထားတာ ဖြစ်ပြီး ကျန်တဲ့ရက်တွေမှာ တရုတ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ခေါင်းဆောင်ဟာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းမှ နေပြည်တော်ကို ပြန်ရောက်မယ်လို့ သိရပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read