၂၅ အောက်တိုဘာ၊ ၂၀၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ကို တရားမဝင် ခိုးဝင်ရောက်ရှိလာတဲ့ ရိုဟင်ဂျာ ၁၃ ဦးကို တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်မှာ သူတို့ကို ခေါ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း ၂ ဦးနဲ့အတူ ထိုင်းစစ်တပ်က ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖုတ်ဖရမြို့အတွင်း ကင်းလှည့်နေတုန်း မသင်္ကာဖွယ် ပစ်ကပ်အမျိုးအစားကား ၂ စီးကိုတွေ့ရှိရတာကြောင့် ခေါ်ယူစစ်ဆေးရာက ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေက ရိုဟင်ဂျာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦး အပြင် သူတို့ကို လာကြိုတဲ့ ထိုင်းနိုင်ငံသား ကားသမား ၂ ဦး ပါဝင်ပါတယ်။
ထိုင်းစစ်တပ်က ဖမ်းဆီးရမိသူ ရိုဟင်ဂျာ ၁၃ ဦးနဲ့ ထိုင်းနိုင်ငံသားကားသမား ၂ ဦးကို ဥပဒေအရအရေးယူဆောင် ရွက်နိုင်ဖို့ ဖုတ်ဖရမြို့နယ် ရဲစခန်းကို လွှဲပြောင်း ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်ပြီး ဆောင်ရွက်မယ်လို့ ဆိုပါ တယ်။
အောက်တိုဘာ ၁၇ ရက်က ရိုဟင်ဂျာ ၂၆ ဦး မဲဆောက်မြို့ကို တရားမဝင် ဝင်ရောက်လာပြီး လူကုန်ကူးပွဲစား တွေရဲ့ စီစဉ်မှုနဲ့ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ပစ်ကပ်အလုံပိတ်ကားနဲ့ ပို့ဆောင်ပေးရာက ခရီးသည် ၃ ဦးသေဆုံးပြီး ၇ ဦး သတိလစ်ခဲ့တဲ့အတွက် ကားဆရာတွေက လမ်းဘေးမှာ ပစ်ထားခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ ပါတယ်။
ဒီဖြစ်စဉ်က ကားဆရာ ၂ ဦးကိုလည်း အောက်တိုဘာ ၁၈မှာ ဖမ်းဆီးရမိထားပြီး အမှုနဲ့ဆက်စပ်နေသူတွေကို ဆက်ပြီး ဖမ်းဆီးနေပါတယ်။
ပုံစာ – ဖုတ်ဖရမြို့တွင်း တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ထိုင်းစစ်တပ် ဖမ်းဆီးရမိစဉ်
Photo – Thairath