Homeနိုင်ငံတကာသတင်းသေဆုံး၊ မေ့မြောလို့ ထားခဲ့ခံရတဲ့ မြန်မာရိုဟင်ဂျာဒုက္ခသည်တွေအမှုကို ထိုင်းအစိုးရက ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖို့ HRW တောင်းဆို

သေဆုံး၊ မေ့မြောလို့ ထားခဲ့ခံရတဲ့ မြန်မာရိုဟင်ဂျာဒုက္ခသည်တွေအမှုကို ထိုင်းအစိုးရက ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖို့ HRW တောင်းဆို

၂၀ အောက်တိုဘာ၊ ၂၀၂၄

ထိုင်းနိုင်ငံ Chumporn ပြည်နယ် Lang Suan ခရိုင်မှာ မြန်မာရိုဟင်ဂျာ ဒုက္ခသည်တွေကို လူကုန်ကူးပြီး လမ်းတစ်နေရာမှာ ပစ်ထားခဲ့တဲ့အမှုနဲ့ ပတ်သတ်ပြီး ထိုင်းအစိုးရအနေနဲ့ ထိထိရောက်ရောက်စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာ ၁၈ ရက်က တောင်းဆိုလိုက်ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို အရေးပေါ်အကာအကွယ်တွေပေးဖို့နဲ့ အမှုမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာ ၁၇ ရက်က ထိုင်းနိုင်ငံတောင်ပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းအပြင်ဘက်မှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာအုပ်စုတစ်စုကို ဘုန်းကြီးတွေက တွေ့ရှိခဲ့ပြီး ရဲတွေကို အကြောင်းကြားခဲ့ကြပါတယ်။

ဒီရိုဟင်ဂျာတွေထဲက အနည်းဆုံး ၁၀ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး အများစုက သတိလစ်မေ့မြောနေကြတာပါ။ ဒီထဲက နှစ်ဦးဟာ သေဆုံးနေပြီး ကျန်တဲ့သူတွေကို ဘန်ကောက်မြို့ တောင်ဘက် ကီလို ၅၀၀ အကွာ Lang Suan ခရိုင်က ဆေးရုံတွေကိုပို့ဆောင်ပေးခဲ့ပြီး နောက်ထပ်တစ်ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၇၀ ခန့်ဟာ မလေးရှားနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ သွားဖို့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို အောက်တိုဘာ ၁၆ ရက်မှာ ရောက်ရှိပြီး ထိုင်းနိုင်ငံကိုရောက်တာနဲ့ မလေးရှားနယ်စပ် ကီလိုမီတာ ၁၅၀၀ ခရီးကို သွားဖို့ အလုံပိတ်ထရပ်ကားတွေထဲကို အတင်းထိုးသိပ် တွန်းပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထရပ်ကားတစ်စီးစီမှာ ရိုဟင်ဂျာ ဒါဇင်နဲ့ချီတင်ဆောင်လာပြီး ကီလို ၁၀၀၀ ကျော်ခရီးအရောက်မှာ ထရပ်ကားတစ်စီးက ယာဉ်မောင်းတွေက အသက်ရှုမွန်းကြပ်ပြီး သတိလစ်နေသူတွေနဲ့ သေဆုံးသူ ရိုဟင်ဂျာတွေကို လမ်းတစ်နေရာမှာ စွန့်ပစ်ထားခဲ့တယ်လို့ ပြောပါတယ်။

ဒီဖြစ်ရပ်မှာ ပါဝင်တဲ့ ယာဉ်မောင်းနှစ်ဦးကို ထိုင်းရဲတွေက အောက်တိုဘာ ၁၈ မှာ ဖမ်းဆီးရမိခဲ့ပြီး အမှုနဲ့ နောက်ထပတ်သတ်နေသူ ၃ ဦးကိုလည်း cctv မှတ်တမ်းတွေကနေ နောက်ယောင်ခံပြီး ဖမ်းဆီးဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

ပုံစာ -အောက်တိုဘာ ၁၈ ဖြစ်စဉ်မှာ အသက်မသေဘဲ ကျန်ရစ်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ထိုင်းရဲများမေးမြန်းစဉ်

Photo – Khaosod

ဆက်စပ် သတင်းများ

Most read