Homeပြည်တွင်းသတင်းဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်ပြီး ခန့်ဖို့ လန်ဒန်၊ နယူးယောက်မြို့တွေမှာ မြန်မာများ ဆန္ဒထုတ်ဖော်

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်ပြီး ခန့်ဖို့ လန်ဒန်၊ နယူးယောက်မြို့တွေမှာ မြန်မာများ ဆန္ဒထုတ်ဖော်

၂၂ စက်တင်ဘာ၊ ၂၀၂၄

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်ထားဖို့ စက်တင်ဘာလ ၂၁ ရက်က လန်ဒန်နဲ့ နယူးယောက်မြို့ တွေမှာ မြန်မာတွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

လန်ဒန်မြို့မှာ UK ရောက် မြန်မာတွေက Parliament Square နှင့် ဝန်ကြီးချုပ်နေအိမ်ရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။ ဒီထောက်ခံပွဲကို UK ရောက် မြန်မာစုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပြီး UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်များဖြစ်ကြတဲ့ ဦးမောင်မောင်အောင် နဲ့ ဒေါက်တာသက်ကိုကို တို့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီပွဲမှာ UNမှာ မြန်မာပြည်သူတွေအသံကို ကိုယ်စားပြုပေးနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့၊ စစ်ကောင်စီကို အသိအမှတ်မပြုဖို့၊ စစ်ကောင်စီက အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာလည်း ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ဦးကျော်မိုးထွန်းကို ကုလ မြန်မာကိုယ်စားလှယ်အဖြစ်ဆက်ပြီး ခန့်ထားဖို့ မြန်မာလူမျိုး ၁၀၀၀ ဝန်းကျင်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်နဲ့ Dag Hammarskjold plaza ကို ချီတက်ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

နယူးယောက်မြို့၊ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီး Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂတွင်ဆက်လက်ထားရှိဖို့အတွက် Global Action for Credential Campaign 2024 အဖြစ် Our Ambassador, Myanmar’s Voice ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက်ပွဲအခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။

ဒီအခမ်းအနားကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရရဲ့ ကျန်းမာရေး၀န်ကြီးဒေါက်တာဇော်ဝေစိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦးတို့က တက်ရောက်ခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းဆက်လက်တည်ရှိဖို့နဲ့ စစ်အကြမ်းဖက်အုပ်စုကို နိုင်ငံတကာက ပယ်ကျဉ်ပြီး ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးဖို့ တောင်းဆိုကြပါတယ်။

UN ရုံးချုပ်ရှေ့က နယူးယောက်မြို့လယ်ခေါင် Time Square ရင်ပြင်အနီးထိ နယူးယောက်မြို့လယ်ကိုဖြတ်သန်းပြီး အမေရိကန်ပြည်ထောင်စုရောက် မြန်မာတိုင်းရင်းသားတွေ စုပေါင်းချီတက်ခဲ့တယ်လို့ သိရပါတယ်။ ဒီဆန္ဒပြပွဲအခမ်းအနားနဲ့ ချီတက်ပွဲကို နယူးယောက်မြို့ NYCBCအဖွဲ့က ဦးဆောင်ပြီး ပြည်နယ်အသီးသီးက မြန်မာတိုင်းရင်းသားထောင်နဲ့ချီ တက်ရောက်ခဲ့တယ်လို့ NYCBC က ဖော်ပြထားပါတယ်။

ပုံစာ – နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ Our Ambassador, Myanmar’s Voice ချီတက်ပွဲ

Photo – NYCBC

ဆက်စပ် သတင်းများ

Most read