Homeပြည်တွင်းသတင်းစစ်ဘေးရှောင် ရိုဟင်ဂျာတွေ ဒရုန်းနဲ့ ဗုံးကျဲခံရလို့ အစုလိုက်အပြုံလိုက်သေဆုံးမှု သူတို့ လုပ်တာ မဟုတ်ဘူးလို့ AA ငြင်းဆို

စစ်ဘေးရှောင် ရိုဟင်ဂျာတွေ ဒရုန်းနဲ့ ဗုံးကျဲခံရလို့ အစုလိုက်အပြုံလိုက်သေဆုံးမှု သူတို့ လုပ်တာ မဟုတ်ဘူးလို့ AA ငြင်းဆို

၂၂ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ မောင်တောမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်က နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက် စစ်ရှောင်ထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာ လူအုပ်ထဲ ဒရုန်းနဲ့ ဗုံးကျဲခဲ့လို ရိုဟင်ဂျာ အများအပြားသေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် AA က ပဏာမစစ်ဆေးချက် တစောင်ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ စစ်ဆေးချက်ထဲမှာ AA တပ်သားတွေက ဒရုန်းသုံးတိုက်ခိုက်ခဲ့တာမျိုးမရှိဘူးလို့ ဖော်ပြထားပါတယ်။ အာရက္ခတပ်တော် AA အနေနဲ့ ဒရုန်းတွေ၊ ရှော့တိုက်ဒုံးတွေအသုံးပြုခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

ဒီဗုံးကျဲချမှုနဲ့ ပတ်သက်ပြီး အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA က AA တိုက်ခိုက်တယ်လို စွပ်စွဲတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်က မောင်တောဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေရဲ့ လူအုပ်ထဲကို ဒရုန်းနဲ့ ဗုံးကျဲခံခဲ့ရတာဖြစ်ပါတယ်။

အသက်ရှင်လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ အဲ့ဒီ လက်နက်ကြီးကို အာရက္ခတပ်တော် AA ကပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ဩဂုတ်လ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့” မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်နှင့်တစ်ပြိုင်နက်တွင် နိုင်ငံတကာရောက် လူ့အခွင့်အရေးအရေခြုံ လူပုဂ္ဂိုလ်တစ်ချို့တို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများဖြင့် စွပ်စွဲပြောဆို ရေးသားနေကြသည်များကိုလည်း ဆက်တိုက်တွေ့ရှိနေရပါသည်။ ဤကဲ့သို့ သတင်းတု၊ သတင်းမှားများ ရေးသားပြောဆိုနေခြင်းသည် အာရက္ခဒေသအတွင်း လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ကြောင်း အလေးအနက် သတိပေးလိုပါသည်။” လို့ရေးသားထားပါတယ်။

ပုံ – ရိုဟင်ဂျာ ရုပ်အလောင်းများအနီး ပူဆွေးနေသော ရိုဟင်ဂျာများကို နတ်မြစ်အနီးတွေ့ရစဉ်/AFP

ဆက်စပ် သတင်းများ

Most read