စက်တင်ဘာ ၅၊ ၂၀၂၆ | New Day Myanmar
မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့က ကာကွယ်ရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံဆက်ဆံရေးရဲ့ အဓိကမဏ္ဍိုင်တစ်ခုအဖြစ် တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တိုလမ်တို့ တွေ့ဆုံရာမှာ သဘောတူခဲ့တာဖြစ်တယ်လို့ Reuters က ဖော်ပြပါတယ်။
သဘောတူညီချက်အရ စစ်ဘက်လေ့ကျင့်ရေး၊ လူငယ်စစ်အရာရှိတွေ အပြန်အလှန်စေလွှတ်ရေး၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနဲ့ သတင်းအချက်အလက်မျှဝေပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ တားဆီးရေးတို့မှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်ကိုအသုံးပြုပြီး အခြားနိုင်ငံရဲ့ အကျိုးစီးပွားထိခိုက်စေမယ့် လှုပ်ရှားမှုတွေ ပြုလုပ်ခွင့်မပေးဖို့လည်း နှစ်ဖက်က ကတိပြုခဲ့ကြပါတယ်။
စီးပွားရေးကဏ္ဍမှာတော့ အဆင့်မြင့်နည်းပညာသုံး စိုက်ပျိုးရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံကဏ္ဍတွေမှာ ပူးပေါင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
မင်းအောင်လှိုင်ဟာ ခရီးစဉ်အတွင်း ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒရုန်းတွေနဲ့ တခြားစစ်ဘက်သုံးပစ္စည်းတွေ ထုတ်လုပ်နေတဲ့ Viettel ဟာ မြန်မာစစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းရဲ့ အဓိကနိုင်ငံခြားမိတ်ဖက်လည်း ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံနေရတဲ့ မြန်မာစစ်အုပ်စုဟာ ဗီယက်နမ်နဲ့ ကာကွယ်ရေး၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးတွေတိုးချဲ့ပြီး ဒေသတွင်းတရားဝင်အသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

