ဩဂုတ် ၁၉၊ ၂၀၂၆ | New Day Myanmar
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းကာ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ငွေကြေးတန်ဖိုးမတည်ငြိမ်မှုနဲ့ အလုပ်အကိုင်အခက်အခဲတွေ ဆက်လက်ကြုံတွေ့နေရချိန်မှာ စစ်အုပ်စုခေါင်းဆောင်ကနေ သမ္မတရာထူး ရယူထားတဲ့ မင်းအောင်လှိုင်ကို ပလယ်ဟာနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ် (Plekhanov Russian University of Economics) က ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်နဲ့ ရုရှားနိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ကို ဩဂုတ် ၁၉ ရက် ဒေသစံတော်ချိန် မနက်ပိုင်းမှာ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးအပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်က ဘွဲ့ကို လက်ခံရယူပြီးနောက် ကျေးဇူးတင်စကား ပြောခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ပါတယ်။
စီးပွားရေးတက္ကသိုလ်တစ်ခုက မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးနေချိန်မှာ မြန်မာ့စီးပွားရေးကတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သိသိသာသာ ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်အချက်အလက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာ့စီးပွားရေးဟာ ၁၈ ရာခိုင်နှုန်းဝန်းကျင် ကျုံ့သွားခဲ့ပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၁၁ ကနေ ၂၀၁၉ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးဟာ တစ်နှစ်ပျမ်းမျှ ၆ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလည်း သိသိသာသာ လျော့ကျခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်အာဏာသိမ်းမှု၊ နိုင်ငံတဝန်းစစ်ပွဲ၊ ကုန်သွယ်ရေးအနှောင့်အယှက်၊ လျှပ်စစ်ပြတ်တောက်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကျဆင်းတာတွေကြောင့် အဲဒီတိုးတက်မှုတွေ နောက်ပြန်ဆုတ်ခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ဇွန်လ နောက်ဆုံးခန့်မှန်းချက်အရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ မြန်မာ့ GDP ၂ ရာခိုင်နှုန်း ကျုံ့ခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုးတက်မှုခန့်မှန်းချက်ကိုလည်း မူလ ၃ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ လျှော့ချထားပါတယ်။ စစ်ပွဲ၊ လောင်စာဆီဈေးမြင့်တက်မှု၊ နိုင်ငံခြားငွေကြေးရှားပါးမှုနဲ့ ကုန်သွယ်ရေးအခက်အခဲတွေက စီးပွားရေးပြန်လည်နာလန်ထူရေးကို ဆက်လက်ဖိအားပေးနေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
မြန်မာငွေကျပ်တန်ဖိုးဟာလည်း စစ်အာဏာသိမ်းပြီးနောက် အကြိမ်ကြိမ် ထိုးကျခဲ့ပြီး အစားအသောက်၊ ဆေးဝါး၊ လောင်စာဆီနဲ့ နေ့စဉ်သုံးကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ အိမ်ထောင်စုဝင်ငွေတွေက ငွေကြေးဖောင်းပွမှုနဲ့အညီ မတိုးနိုင်သလို အလုပ်လက်မဲ့နှုန်းလည်း မြင့်တက်လာတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂအဖွဲ့တွေက ထောက်ပြထားပါတယ်။
ဒါ့အပြင် UNDP က မြန်မာနိုင်ငံမှာ အလယ်အလတ်တန်းစား လူတန်းစား ကျုံ့သွားပြီး ဆင်းရဲနွမ်းပါးမှု ပိုမိုနက်ရှိုင်းလာနေတယ်လို့ သတိပေးထားပါတယ်။
မင်းအောင်လှိုင်အတွက် ရုရှားဘက်က ဂုဏ်ထူးဆောင်ဘွဲ့ပေးတာကလည်း အခုအကြိမ် ပထမဆုံးမဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်အာဏာသိမ်းပြီး လပိုင်းအကြာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ Military University ကလည်း သူ့ကို ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးခဲ့ဖူးပါတယ်။
မင်းအောင်လှိုင်ဘက်ကလည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ စစ်အုပ်စုလက်အောက်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ ရယူခဲ့ပါတယ်။ အဲဒီအချိန် စစ်အုပ်စုဘက်ကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာဖိအားတွေကြား နိုင်ငံကို ဦးဆောင်ခဲ့တဲ့ စွမ်းဆောင်မှုတွေအတွက် ဘွဲ့ပေးတာလို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးသုံးသပ်ချက်မှာတော့ မြန်မာ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေဟာ တိုးချဲ့ဖွံ့ဖြိုးရေးထက် ရှင်သန်ရပ်တည်နိုင်ရေးကိုသာ အဓိကထားနေရတဲ့ အခြေအနေ ဖြစ်နေပြီး စီးပွားရေးအပေါ် ဖိအားတွေ ဆက်လက်များပြားနေတယ်လို့ ဆိုထားပါတယ်။
မင်းအောင်လှိုင်ဟာ ဩဂုတ် ၁၇ ရက်က ရုရှားနိုင်ငံကို ရောက်ရှိခဲ့ပြီး ရုရှားသမ္မတ ပူတင်၊ ဝန်ကြီးချုပ်နဲ့ ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံကာ စီးပွားရေး၊ စွမ်းအင်၊ ကာကွယ်ရေး၊ နျူကလီးယားနဲ့ အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးထားပါတယ်။

